News

POST TYPE

NEWS

တရားမဝင် ရထားလမ်းကူးများမှဖြတ်ကူးပါက ထောင် ၁၀ နှစ်အထိ အရေးယူမည်
03-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၃

မြန်မာတစ်နိုင်ငံလုံးရှိ ရထားလမ်းများတွင် ခွင့်ပြုချက်မဲ့ တရားမဝင် ရထားလမ်းကူးဂိတ်များတွင် လမ်းဖြတ်ကူးပါက ရထားဥပဒေအရ ထောင်ဒဏ် သုံးနှစ်မှ ၁၀ နှစ်အထိ အရေးယူမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ သွားလာပို့ဆောင်ရေးဌာန (နေပြည်တော်)အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါလမ်းကူးဂိတ်များမှာ မြန်မာ့မီးရထားက ခွင့်ပြုထားခြင်းမရှိဘဲ ဒေသခံများ၏သဘောဖြင့် ဆောင်ရွက်ထားခြင်းဖြစ်၍ တရားမဝင် ရထားလမ်းကူးဂိတ် (Level Crossing) များဟုခေါ်ဆိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အခု သတိပေးတဲ့ ဆိုင်းဘုတ်တွေကို တစ်ပြည်လုံးမှာ ပြန်စိုက်ထူမှာဖြစ်တယ်။ ဘေးအန္တရာယ် ကင်းရှင်းရေးတွေ လုပ်နေရင်းက တရားမဝင် ရထားလမ်းကူးတွေမှာ လမ်းဖြတ်ကူးတဲ့သူတွေကြောင့် ရထားမတော်တဆမှုတွေ ဖြစ်ရတယ်။ အသက်ဆုံးရှုံးနိုင်သလို တရားပါစွဲခံရမှာဖြစ်တယ်။ အခြေအနေ ပိုဆိုးနိုင်လို့ အခုလို အရေးယူဖို့အထိ ဆောင်ရွက်တာပါ”ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ၃ ရက်က ရန်ကုန်- ပြည်လမ်း ရထားလမ်းပိုင်းတွင် ခရီးသွားများ၊ ယာဉ်အသုံးပြုသူများ အလွယ်တကူ တွေ့မြင်လိုက်နာနိုင်ရန်နှင့် “တရားမဝင် လမ်းကူးဖြစ်သည်။ ရထားဖြင့်တိုက်မိပါက အသက်ဆုံးရှုံးနိုင်သည့်အပြင် တရားစွဲဆိုခြင်းခံရမည်”ဆိုသော စာသားပါသည့် တရားမဝင် လမ်းကူးသတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

လက်ရှိ ပြည်နယ်နှင့် တိုင်းအလိုက် တရားမဝင် ရထားလမ်းကူး (Level Crossing) ၂၀၀၀ ကျော်ကို သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များနှင့်ပူးပေါင်း၍ ဆက်လက် အသုံးမပြုရန်ပိတ်နေပြီး မဖြစ်မနေ လိုအပ်နေသည့် ရထားလမ်းကူးဂိတ်များကိုလည်း တရားဝင်အဖြစ် အသစ်တည်ဆောက်ပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ သွားလာပို့ဆောင်ရေးဌာန၊ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဩဂုတ်လ နောက်ဆုံးပတ်က မိသားစုသုံးဦး တရားမဝင် လမ်းဖြတ်ကူးလို့ ရထားနဲ့တိုက်ပြီး ယောက်ျားနဲ့ကလေး သေသွားတယ်။ မိန်းမတစ်ဦးပဲ အသက်ရှင်တယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် ပြည်သူတွေကို အသိပညာတွေ ပေးနေတယ်။ ဒါပေမဲ့ လိုက်နာမှု အားနည်းနေသေးတယ်”ဟု ၎င်းကဆိုသည်။

ဩဂုတ်လက ပြည်နယ်နှင့်တိုင်းအတွင်း ရထားမတော်တဆမှု ၃၁ ကြိမ် ဖြစ်ပွားခဲ့ရာတွင် ၉ ကြိမ်သည် တရားမဝင် ရထားလမ်းကူးအသုံးပြုမှုကြောင့်ဖြစ်ကြောင်း၊ သေဆုံးသူနှင့်ဒဏ်ရာရရှိသူ စာရင်းချုပ် မရရှိသေးကြောင်း မြန်မာ့မီးရထား (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရထားမတော်တဆမှုများအနေနှင့် စည်းကမ်းမဲ့ တရားမဝင် ရထားလမ်းကူးဂိတ် (Level Crossing)တွင် ထော်လာဂျီနှင့် လမ်းဖြတ်ကူးသူများ၏ မဆင်မခြင် လမ်းဖြတ်ကူးမှုများကြောင့် ရထား မတော်တဆမှုများ ဖြစ်လျက်ရှိပြီး ရထားပေါ်မှ ခုန်ဆင်းခြင်းတို့ကြောင့်လည်း ပါဝင်သည်။

သတ်မှတ်ထားသည့် စည်းကမ်းချက် မလိုက်နာခြင်းကြောင့် ရထား မတော်တဆမှုဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က သေဆုံးသူ ၁၀၂ ဦး၊ ဒဏ်ရာရရှိသူ ၇၇ ဦး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ရှစ်လအတွင်း သေဆုံးသူ ၅၁ ဦး၊ ဒဏ်ရာရရှိသူ ၇၀ ဦးရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

မြန်မာတစ်ပြည်လုံးတွင် မြန်မာ့မီးရထားက တည်ဆောက်ထားသည့် တရားဝင် ရထားလမ်းကူးဂိတ်(Level Crossing) ၁၆၆၇ ဂိတ်ရှိပြီး ဒေသခံများသဘောဖြင့် ပြုလုပ်ထားသည့် တရားမဝင် ရထားလမ်းကူးဂိတ် (Level Crossing) ၂၄၈၅ ဂိတ်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ရထားမောင်းနေစဉ်သော်လည်းကောင်း၊ ရပ်နေစဉ်သော်လည်းကောင်း စီးနင်းလိုက်ပါလာသူ၏ အသက်ကိုဖြစ်စေ၊ လုံခြုံရေးကိုဖြစ်စေ ဘေးဖြစ်စေရန် တမင်လုပ်ဆောင်ခြင်း၊ မဆင်မခြင် (သို့မဟုတ်) ပေါ့ဆစွာ ပြုလုပ်ခြင်းတို့ကြောင့် မတော်တဆမှုဖြစ်ပေါ်ပါက ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေအပိုဒ် ၈၅ အရ အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ ဆယ်နှစ်ထက် မပိုသောထောင်ဒဏ်ကို ချမှတ်နိုင်ကြောင်း မြန်မာ့မီးရထား၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ သိရသည်။

J-06