News

POST TYPE

NEWS

မြဝတီရှိ ယာဉ်မစစ်ရသေးသည့် Delivery Van များကို သိမ်းဆည်းမည်
03-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၂

မြဝတီနယ်စပ်မှတစ်ဆင့် တင်သွင်းထားပြီး ဒဏ်ကြေးတပ်ရိုက်ထားသည့် Delivery Van များမှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် စက်တင်ဘာ လ ၁ ရက်နေ့အထိ ယာဉ်မစစ်ရသေးသည့် ယာဉ်များကို သိမ်းဆည်းမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

နယ်စပ်ရှိ Delivery Van တင်သွင်းသူများက မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည့် ဒဏ်ကြေးကို မပေးဆောင်နိုင်သည့်အတွက် ယာဉ်မစစ်ဘဲ ထားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မှာတော့ အဲဒီလို နောက်ဆုံးထုတ်ရမယ်ဆိုပြီး မသတ်မှတ်ထားဘူး။ ဒါပေမဲ့ နယ်စပ်ကတော့ ပြောထားခဲ့တာ ရှိတယ်။ နယ်စပ်ကို ကန့်သတ်ချင်လို့ ရန်ကုန်ကိုလည်း အဲဒီလိုသတ်မှတ်ထားမယ်လို့ အသံတွေထွက်နေတာတွေတော့ ရှိတယ်ဆိုပေမယ့် ရန်ကုန်က ဘယ်ကားမှ ဝင်စရာမရှိတော့လို့ ဆိပ်ကမ်းမှာ ဒဏ်ကြေးဆောင် ပြီး ထုတ်နိုင်ရင်ထုတ်လို့ရတယ်”ဟု Delivery Van များ ဒဏ်ကြေး လျှော့ပေါ့ခွင့်ရရေး လုပ်ဆောင်နေသည့် ကားဝယ်ရောင်း ဦးမြတ်မင်းချစ်က ပြောဆိုသည်။

ကြီး/ကော်က ပြည်ပမှ တင်သွင်းသည့် Delivery Van များတွင် မမှန်မကန် လုပ်ဆောင်မှုများရှိနေသည်ဟုဆိုကာ ဖေဖော်ဝါရီလအတွင်းမှစတင်၍ မြဝတီနယ်စပ်နှင့် ရန်ကုန်ဆိပ်ကမ်းများမှ ကားထုတ်ယူခွင့်ကို ရပ်ဆိုင်းခဲ့သည်။

ဇွန်လအတွင်းက အုပ်စုလေးစုခွဲ၍ ဒဏ်ကြေးများသတ်မှတ်ခဲ့ရာတွင် အုပ်စု C မှ ယာဉ်များကို ကားတန်ဖိုး၏ တစ်ဝက်နှင့် D ကို ကားတန်ဖိုးအတိုင်း ပေးဆောင်ရန် ဒဏ်ကြေးသတ်မှတ်ခဲ့ရာမှ အုပ်စု C မှ ယာဉ်များကို ကားတန်ဖိုး၏ လေးပုံတစ်ပုံအဖြစ်သို့ လျှော့ချပေးခဲ့သော်လည်း အုပ်စု D ကိုမူ လျှော့ချပေးခြင်း မရှိခဲ့ပေ။

လတ်တလော မြဝတီနယ်စပ်မှတင် သွင်းထားသည့် Delivery Van အရေအတွက်သည် ထောင်နှင့်ချီ၍ ရှိပြီး အုပ်စု C မှ အစီးရေ ၈၀၀ ကျော်ရှိရာတွင် တစ်ဝက်ကျော်ခန့် ယာဉ်စစ်ပြီးဖြစ်သော်လည်း အုပ်စု D တွင် အစီးရေ ၁၂၀၀ ကျော်ရှိရာတွင် ယာဉ်စစ်ပြီး အစီးရေမှာ အနည်းငယ်သာရှိကြောင်း အဆိုပါနယ်စပ်မှ Delivery Van တင်သွင်းထားသူများထံမှ သိရသည်။

ကြီး/ကော်က Delivery Van များကို အုပ်စုလေးစုခွဲရာတွင် အုပ်စု A ကို မူလစက်ရုံထုတ်အတိုင်း တင်သွင်းသည့် ယာဉ်အဖြစ်လည်းကောင်း၊ အုပ်စု B ကို မူလစက်ရုံထုတ်ကို အနည်းငယ်ပြုပြင်ပြီး တင်သွင်းလာသည့် ယာဉ်အဖြစ်လည်းကောင်းသတ်မှတ်၍ ယင်းအုပ်စုနှစ်ခုကို ဒဏ်ကြေးကင်းလွတ်ခွင့်ပြုခဲ့ပြီး အုပ်စု C မှ Light Van၊ Van နှင့် Cargo Van များကို ကြီး/ကော် သတ်မှတ်ချက် ၄ ချက်ညီအောင် ပြုပြင်တင်သွင်းလာသည့် ယာဉ်အဖြစ်လည်းကောင်း၊ အုပ်စု D ကို မူလစက်ရုံထုတ် လူစီးယာဉ်များကို လုပ်ငန်းသုံးယာဉ်အဖြစ် တင်သွင်းလာသည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဒဏ်ကြေးသတ်မှတ်ချက်များကို မကျေနပ်၍ ရန်ကုန်မြို့ တာမွေဟစ်တိုင်၌ ဇူလိုင်လ ၂၄ ရက်နေ့က ယင်းယာဉ်တင်သွင်းသူ ၅၀ ခန့်က ဒဏ်ကြေးများ လျှော့ချပေးရန် အပါအဝင် ဆိပ်ကမ်းခများ လျှော့ချပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

S-04


  • VIA