News

POST TYPE

NEWS

ဧည့်မျှော်နေသည့် ပုဂံ
03-Sep-2018
အေဒီ ၉ ရာစုဝန်းကျင် ရှေးဟောင်းဘုရားစေတီပေါင်း ၃၀၀၀ နီးပါး တစုတဝေးတည်းတွေ့နိုင်သော ပုဂံဒေသသည် မကြုံစဖူး ထူးထူးကဲကဲ ခရီးသွားကျဆင်းနေပြီး ယူနက်စကို (ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်အတွက် အထူးမျှော်လင့်ကာ ပြင်ဆင်နေကြသည်။ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်အတွက် မြန်မာအစိုးရက အမည်စာရင်းတင်သွင်းထားရာ ယူနက်စကိုက နယ်မြေအခြေအနေစစ်ဆေးရန်အတွက် လာမည့်စက်တင်ဘာလ ၁၅ ရက်နေ့တွင် လာရောက်စစ်ဆေးဖို့ကလည်း ရှိနေသည်။ (အယ်ဒီတာ)



မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များစွာ တစုတဝေးတည်းတွေ့နိုင်သော ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု ယခုနှစ်အတွင်း ကျဆင်းသွားသည်။ 

ပုဂံဒေသသို့ နိုင်ငံခြားခရီးသွားဧည့်သည် လာရောက်မှုလျော့ကျခြင်းသည် ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် ပဋိပက္ခကြောင့်ဟု ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က သုံးသပ်သည်။

“အထူးသဖြင့် မွတ်ဆလင်နိုင်ငံတွေ၊ OIC နဲ့ပတ်သက်တဲ့နိုင်ငံတွေက ဒီကို ခရီးမသွားအောင်၊ စိုးရွံ့စိတ်တွေဖြစ်ပေါ်လာအောင် လုပ်ထားတဲ့အတွက် ကျတာ”ဟု ၎င်း၏ထင်မြင်ယူဆချက်ကို ပြောဆိုသည်။

ယခုကဲ့သို့ ထင်မြင်ယူဆချက်ကို ဦးအောင်အောင်ကျော်အနေနှင့် အကြောင်းမဲ့ပြောသည်တော့မဟုတ်။ ထိုယူဆချက်ဖြစ်ပေါ်လာစေရန်အတွက် မျက်ဝါးထင်ထင်မြင်ခဲ့ရသည့် အတွေ့အကြုံရှိသည်။

အာဆီယံဒေသတွင်း အစည်းအဝေးတစ်ခု ပြီးခဲ့သည့်လပိုင်းက ပုဂံဒေသတွင် ကျင်းပခဲ့သည်။ အာဆီယံအဆင့်ဖြစ်သည့်အားလျော်စွာ အိမ်နီးချင်းနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ထိုအထဲတွင် မလေးရှားနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်သည်။

မလေးရှားကိုယ်စားလှယ်သည် ရန်ကုန်တွင် ညမအိပ်ဘဲ ပုဂံဒေသသို့ နေ့ချင်းရောက်အောင် လာသည်။ ပုဂံတွင်လည်း အပြင်လုံးဝမထွက်။ ရခိုင်အရေးနှင့်ပတ်သက်ပြီး စိုးရိမ်စိတ်များရှိနေသောကြောင့်ဟု ဆိုသည်။ ကိုယ်စားလှယ်များအားလုံး လွတ်လပ်စွာ သွားလာနေသည်ကိုမြင်မှသာ သက်ပြင်းချနိုင်သည် ဆို၏။

“အဲလိုလူတွေက တစ်ကမ္ဘာလုံးမှာ ဘယ်လောက် ပျံ့နေမှန်းမသိဘူး”ဟု ဦးအောင်အောင်ကျော်က သူ့ထင်မြင်ယူဆချက်ကို ထပ်ဆင့်အတည်ပြုလိုက်သည်။

ရှေးဟောင်းနယ်မြေဒေသဟု ခေါ်ဝေါ်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များစွာ မြင်နိုင်သည့် ပုဂံမြေသို့ ပြည်တွင်းသာမက ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက်လေ့ရှိသည်။ ယခုချိန်ထိလည်း လာရောက်ကြဆဲပင်။ 

သို့သော် ပုဂံဒေသသို့ နိုင်ငံခြားသားခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက သိသိသာသာ လျော့နည်းသွားခဲ့သည်။ ထို့အတူ ပုဂံဒေသကို အမှီသဟဲပြုကာ စီးပွားရှာနေကြသူများလည်း ယခင်ကထက် ဝင်ငွေလျော့နည်းလာသည်မှာ အမှန်ပင်။

“ဒီလိုသာမလာရင် အန်တီတို့လည်း တောင့်မခံနိုင်တော့ဘူး”ဟု The Lotus Collection ယွန်းထည် လုပ်ငန်းပိုင်ရှင် ဒေါ်မေဝါက ပြောဆိုသည်။

ဒေါ်မေဝါ ပိုင်ဆိုင်သော The Lotus Collection ယွန်းထည်လုပ်ငန်းတွင် အလုပ်သမား ၃၇ ဦးဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး ၎င်းတို့အတွက် ပေးချေရသောလုပ်အားခမှာ တစ်ရက် ကျပ်နှစ်သိန်း၊ တစ်လဆိုပါက ကျပ်သိန်း ၆၀ ရှင်းပေးရသော လုပ်ငန်းတစ်ခုဖြစ်သည်။

ထိုငွေသည် ယွန်းထည်ပစ္စည်းများပြုလုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းတန်ဖိုးမပါသေးပေ။ နေ့စဉ် လုပ်အားခရှင်းပေးနေရသော်လည်း ပြန်ဝင်သည့်ငွေမရှိသောကြောင့် ဆက်လက်ရပ်တည်ရန် ခက်ခဲနေပြီဟု ဒေါ်မေဝါက ဆိုသည်။

ယွန်းထည်လုပ်ငန်းသာမက ခရီးသွားကုမ္ပဏီများမှအစ မြင်းလှည်း၊ E-bike ငှားရမ်းမှုအလယ် သဲပန်းချီနှင့် ပို့စကတ်ရောင်းသူအဆုံး ပုဂံဒေသရှိ ဟိုတယ်၊ စားသောက်ဆိုင်၊ ဈေးဆိုင်အားလုံးနီးပါး ဧည့်မျှော်နေရသည်။

အချို့ဟိုတယ်များတွင် Booking (ကြိုတင်စာရင်းပေးသွင်းခြင်း) မရှိသကဲ့သို့ အချို့သောဟိုတယ်များတွင်လည်း ဝန်ထမ်းအရေအတွက် လျှော့ချနေသည်ဟု ဒေသခံများက ဆိုသည်။

“ဒီမှာထွက်တာ (ဈေးရောင်း) ထမင်းဖိုးရတာက မြန်မာခရီးသွားတွေ ကျနေလို့။ မြန်မာတွေက စနေ၊ တနင်္ဂနွေ၊ အခါကြီးရက်ကြီးနဲ့ လပြည့်နေ့တွေဆို လာကြတယ်။ မြန်မာတွေကြောင့် ထမင်းစားနေရတာ” ဟု ထီးလိုမင်းလိုဘုရားတွင် သဲပန်းချီကားရောင်းသူ ဦးကျော်လွင်က ပြောဆိုသည်။

ပုဂံဒေသသို့ ၂၀၁၇ ခုနှစ် နှစ်စမှ ဇူလိုင်လကုန်ပိုင်းအထိ နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှု ၁၇၀,၀၀၀ ဦးကျော် လာရောက်ခဲ့သော်လည်း ယခုနှစ်တွင် ၁၃၀,၀၀၀ ကျော်သာ လာရောက်ခဲ့ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းအရ သိရသည်။

“ကာလတူနှိုင်းယှဉ်ရင် ၂ ရာခိုင်နှုန်း လျော့သွားတယ်”ဟု ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ထောက်ပြသည်။

ကာလတူနှိုင်းယှဉ်ရာတွင် လာရောက်သည့်နှုန်း နည်းပါးသွားသကဲ့သို့ တစ်လချင်းစီ နှိုင်းယှဉ်ပါကလည်း လျော့ကျလာခဲ့ကာ တစ်ရက်ချင်းဆိုလျှင် ၁၅၀ ဦးမှ ၂၀၀ ဦးအထိ လျော့ကျလျက်ရှိသည်။

“ကျတာက ပိုးစိုးပက်စက်ကို ကျတာ။ တော်တော်ကို တိုင်ပတ်နေတာ”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

ဩဂုတ်လအတွင်း ခရီးသွားဝင်ရောက်မှု စာရင်းကို အတိအကျမပြောနိုင်သေးသော်လည်း ယခင်လများထက် အခြေအနေပိုဆိုးခဲ့ပြီး အချို့သောဟိုတယ်များတွင် ဝန်ထမ်းအရေအတွက် လျှော့ချနေရသောကြောင့် အလုပ်ရှင် အလုပ်သမားပြဿနာ ကြုံနေရသည် လည်းရှိသည်ဟု ပုဂံအခြေစိုက်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများထံမှ သိရသည်။ 

ခရီးသွားရာသီဖြစ်သည့် အောက်တိုဘာလ အတွက် ကြိုတင်စာရင်းပေးသွင်းမှုများကို နှိုင်းယှဉ်ပါကလည်း ယခုနှစ်တွင် အလွန်အမင်းနည်းပါးနေသည်ဟု Grand Lotus ခရီးသွားကုမ္ပဏီတာဝန်ရှိသူများ ကလည်းပြောဆိုသည်။

“တကယ်ပိုက်ဆံသုံးနိုင်တာက အနောက်နိုင်ငံတွေက များတယ်။ ခရီးသွားက လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ လျော့တာပေါ့”ဟု အဆိုပါကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးကျော်စွာမင်းက ရှင်းပြသည်။

လက်ဆေးရေးပန်းချီဆရာများကတော့ ရခိုင့်အရေး၊ နိုင်ငံ့အရေးနှင့်မပတ်သက်။ ပုဂံဒေသတစ်ခွင် ရှုခင်းကြည့်နိုင်သည့် ဘုရားများပေါ်တက်ရောက်ခွင့် ပိတ်လိုက်ခြင်းကြောင့်ဖြစ်နိုင်သည်ဟု ယူဆသည်။

ယခင်က ဓမ္မရံကြီး၊ ရွှေဆံတော်၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ ဗူးလည်သီး၊ သစ္စာဝတီ၊ ပုဂံမျှော်စသည့် စေတီများပေါ်မှ ကြည့်ရှုခွင့်ရခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သောငလျင်ကြောင့် စေတီပေါ်တက်ခွင့် တားမြစ်လိုက်ကာ ရှုခင်းကြည့်တောင်ကုန်းများ ဆောက်လုပ်ပေးခဲ့သည်။

“ဘုရားတွေပေါ်တက်ခွင့် ပိတ်လိုက်ကတည်းက သိသိသာသာ နည်းသွားတယ်။ ဒီမှာရှိတဲ့ဈေးသည်တွေကလည်း အဲဒီလိုပဲ ထင်ကြတာပါ”ဟု လက်ပန်းချီရေးဆွဲသူ ကိုချမ်းမြေ့သူက သူ့ယူဆချက်ကို ရှင်းပြသည်။

ပုဂံဒေသသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ဝင်ရောက်မှု လျော့ကျလာခြင်းသည် ဒေသခံအချို့၏ အသိဉာဏ်အားနည်းမှုကလည်း တစ်ခုအပါအဝင်ဖြစ်နိုင်သည်ဟု အစိုးရဌာနဆိုင်ရာတာဝန်ရှိသူအချို့က သုံးသပ်သည်။

ဆိုင်ကယ်တက္ကစီမောင်းသူက ပိုက်ဆံလိမ်ယူခြင်း၊ မြင်းလှည်းဆရာက ပိုက်ဆံပိုတောင်းခြင်း၊ တည်းခို နေထိုင်စရိတ်နှင့် လည်ပတ်ရာတွင် ကုန်ကျသည့်စရိတ်ကြီးမြင့်ခြင်း စသည်တို့ကြောင့်ဟု ယူဆကြသည်။

“အစိုးရပိုင်းရော ဌာနဆိုင်ရာရော စီမံခန့်ခွဲမှု အားနည်းပါတယ်။ ဒေသခံတွေကလည်း ရတုန်းကိုင်လိုက်မယ်ကွဆိုတဲ့ တစ်နပ်စားဉာဏ်နဲ့လုပ်ကြတာ။ အကုန်လုံးပေါင်းလိုက်တော့ ခုကိစ္စက တော်တော်ကြီးသွားတာ”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုညွှန်မှူးဦးလင်းထင်ဦးက မှတ်ချက်ပြုသည်။

ထိုသို့သော အကြောင်းပြချက်မျိုးစုံရှိသည့်အပြင် ပုဂံဒေသသည် ညပိုင်းတွင် လည်ပတ်စရာနေရာ မရှိခြင်း၊ ပုဂံဒေသကိုအခြေပြု၍ အနီးပတ်ဝန်းကျင်မြို့များသို့ သွားရောက်လည်ပတ်နိုင်ရန် စီစဉ်မပေးနိုင်ခြင်းတို့ကလည်း နိုင်ငံခြားခရီးသွားဧည့်သည်များကို အားလျော့သွားစေခဲ့သည်။

“သူတို့ငွေသုံးချင်အောင် ဒီဘက်က ဘာတွေရှိလဲ။ ကျွန်တော်တို့ဘက်က အများကြီးလိုအပ်နေတယ်”ဟု ဦးအောင်အောင်ကျော်က ပြောဆိုသည်။

မည်သို့ဆိုစေ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် မြန်မာအစိုးရက အဆိုပြုစာတွဲများ ယူနက်စကိုသို့ တင်ပြထားသည်။ ထိုသို့တင်ပြထားခြင်းနှင့်ပတ်သက်ပြီး အမွေအနှစ်နှင့် ယဉ်ကျေးမှုဒေသများဆိုင်ရာ နိုင်ငံတကာကောင်စီ ICOMOS မှ တာဝန်ရှိသူများသည်လည်း ယခုလလယ်ပိုင်းတွင် လာရောက်စစ်ဆေးအကဲဖြတ်ရန် ရှိနေသည်။

အဆိုပါအဖွဲ့အနေနှင့် စစ်ဆေးတွေ့ရှိချက်များကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့တင်ပြပြီး မြန်မာအစိုးရကတင်ပြထားသော အဆိုပြုစာတွဲနှင့် ICOMOS က စစ်ဆေးတွေ့ရှိခဲ့သော အကဲဖြတ်ချက်ကို တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ကာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းကျင်းပမည့် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးတွင် ပုဂံဒေသကို အမွေအနှစ်စာရင်း၌ ထည့်သွင်း၊ မသွင်း မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ 

ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကမူ “မဝင်ဝင်အောင်ကြိုးစားမယ်။ အစွမ်းကုန်လုပ်သွားမယ်”ဟု အားခဲထားသည်။ 

အတည်ပြုခံရပါက ပုဂံဒေသသည် ကမ္ဘာ့အဆင့် ကာကွယ်ထိန်းသိမ်းမှုရမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ တိုးတက်လာမည့် ဂုဏ်သိက္ခာနှင့်အတူ ကျွဲကူးရေပါ အဖြစ် နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှုလည်း တိုးတက်လာမည်ဟု ဦးအောင်ကျော်ကျော်က ယုံကြည်နေသည်။

လက်ရှိတွင်မူ ယွန်းထည်လုပ်ငန်းသာမက ခရီးသွားကုမ္ပဏီများမှအစ မြင်းလှည်း၊ E-bike ငှားရမ်းမှုအလယ် သဲပန်းချီနှင့် ပို့စကတ်ရောင်းသူအဆုံး ပုဂံဒေသရှိ ဟိုတယ်၊ စားသောက်ဆိုင်များအနေနှင့် ပုဂံဒေသသို့ လာရောက်မည့်ဧည့်သည်များကို မျှော်၍ မျှော်ကာနေရဆဲပင်။

အေးစုမွန်