News

POST TYPE

NEWS

မွန်နိုင်ငံရေးပါတီများ ပါတီပေါင်းစည်းရေးအခမ်းအနား စက်တင်ဘာတွင် ကျင်းပမည်
31-Aug-2018

မော်လမြိုင်၊ ဩဂုတ် ၃၀

မွန်နိုင်ငံရေးပါတီများဖြစ်သည့် မွန်အမျိုးသားပါတီ (MNP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်အမျိုးသားကိုယ်စားပြုပါတီတို့၏ ပါတီပေါင်းစည်းရေး အခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်တွင် မော်လမြိုင်မြို့ရှိ တော်ဝင်ဟင်္သာဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။ 

“အားလုံးပါဝင်ရေးဆိုတဲ့အတိုင်း အခု အားလုံးပေါင်းစည်းသွားပြီဆိုတော့ ပေါင်းစည်းရေးအခမ်းအနားလုပ်မယ်၊ အဲဒီမှာ ပါတီနာမည်ကိုလည်း တစ်ခါတည်း ကြေညာသွားမယ်၊ ဗဟိုကော်မတီ ဘယ်နှဦး၊ အလုပ်အမှုဆောင် ဗဟိုကော်မတီ ဘယ်နှယောက်၊ အဲဒီမှာ ကြေညာသွားမယ်၊ ပြီးရင်တော့ မှတ်ပုံတင်ဖို့ကိစ္စက ဆက်လုပ်သွားမယ်”ဟု ပေါင်းစည်းထားသည့် ပါတီ တွဲဖက်အတွင်းရေးမှူး နိုင်စိုးမြင့်က ပြောသည်။

လက်ရှိတွင် ပါတီပေါင်းစည်းရေးနှင့်ပတ်သက်၍ အောက်ခြေပြည်သူများ ပါတီအဖွဲ့ဝင်များ သိရှိစေရန်နှင့် ပါတီအမည်သစ် ရွေးချယ်နိုင်ရေးအတွက် ပါတီပေါင်းစည်းရေး ရှင်းလင်းပွဲကို ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တို့တွင် ပြုလုပ်ခဲ့ကြောင်း၊ အမည်သစ်ရွေးချယ်မှုကို ဩဂုတ်လကုန်တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ပါတီပေါင်းစည်းရေးနှင့် ပတ်သက်၍ ပြည်သူများထံ ရှင်းလင်းမှုလုပ်ငန်းစဉ်မှာ နှစ်ပါတီပေါင်းစည်းရေးကိစ္စကို အဓိကထား ရှင်းလင်းကြောင်း၊ ယခုမှာ နှစ်ပါတီမျှမက တတိယအင်အားစုဖြစ်သည့် မွန်အမျိုးသားကိုယ်စားပြုပါတီလည်း ပါဝင်လာသည့်အတွက် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဩဂုတ်လ ၃၁ ရက် ဆွေးနွေးပွဲပြီးမှသာ အတိအကျ သိနိုင်မည်ဖြစ်ကြောင်း မွန်အမျိုးသား ကိုယ်စားပြုပါတီဘက်မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောက်စာက ပြောသည်။

မွန်အမျိုးသားကိုယ်စားပြုပါတီ တည်ထောင်လိုသူများ အင်အားစုသည် ဩဂုတ်လ ၃၀ ရက်တွင် အသစ်တည်ထောင်မည့် ပါတီသစ်တွင် ပါဝင်ရမည့် ဗဟိုကော်မတီအတွက် ကိုယ်စားလှယ် ၂၀ ဦးကို ရွေးချယ်ထားကြောင်း၊ ပါတီအသစ်အမည်မှာ ပေါင်းစည်းရေးထက် အရေးမကြီးကြောင်း ၎င်းက ရှင်းပြသည်။

မွန်နိုင်ငံရေး ပါတီပေါင်းစည်းရေး အခမ်းအနားသို့ မွန်ပြည်သူများကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ပေါင်းစည်းမည့်ပါတီများထံမှ သိရသည်။

R-21