News

POST TYPE

NEWS

ဟောင်ကောင်အမျိုးသမီး ပြည်မကြီးတွင် သူစိမ်းနှင့် လက်ထပ်ရန် လှည့်ဖြားခံရ
30-Aug-2018
ပေကျင်း၊ ဩဂုတ် ၂၉ 

အသက် ၂၁ နှစ်အရွယ် ဟောင်ကောင်အမျိုးသမီးတစ်ဦးမှာ အယောင်ဆောင်မင်္ဂလာပွဲတွင် ပါဝင်ရခြင်းဖြစ်သည်ဟုဆိုကာ ပြည်မကြီးတွင် သူစိမ်းတစ်ဦးနှင့် လက်ထပ်ထိမ်းမြားရန် လှည့်ဖြားခံခဲ့ရကြောင်း BBC သတင်းဌာနကဖော်ပြသည်။

မင်္ဂလာပွဲစီစဉ်သူအဖြစ် သင်တန်းတက်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် တကယ့်မင်္ဂလာပွဲအသွင် လေ့ကျင့်မှု၌ သတို့သမီးအဖြစ် ပါဝင်ရမည်ဖြစ်သည်ဟု လိမ်လည်ခံခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါအခမ်းအနားတွင် သူနှင့် အဆိုပါအမျိုးသားသည် တကယ့်လက်ထပ်စာချုပ်အစစ်ကို လက်မှတ်ထိုးခဲ့ကြသည်ဟု ဆိုသည်။

ထိုအမျိုးသမီးမှာ ဟောင်ကောင်ပြန်သွားအပြီးတွင်မှ အမှန်တကယ်လက်ထပ်ခဲ့မိခြင်းဖြစ်ကြောင်း သိရှိသွားပြီး ဥပဒေအကူအညီရနိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

ပြစ်မှုမြောက်သည်ဟု ပြစရာသက်သေမရှိသောကြောင့် ဒေသရဲတပ်ဖွဲ့က မကူညီနိုင်သဖြင့် ဟောင်ကောင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTU) ထံ အကူအညီတောင်းထားသည်ဟု သိရသည်။

“ဒါက လိမ်လည်မင်္ဂလာဆောင်မှုပုံစံသစ်ပါ။ ခေတ်မီတဲ့ ဟောင်ကောင်လို နေရာမျိုးမှာတောင် ဒီလိုမျိုးဖြစ်ရတာ စိတ်ပျက်မိသလိုယုံတောင် မယုံနိုင်ပါဘူး” ဟု FTU မှ အခွင့်အရေးနှင့် အကျိုးခံစားခွင့်ကော်မတီညွှန်ကြားရေးမှူး တောင်ကမ်ဂျူးက ဆိုသည်။

အမည်ဖော်ပြထားခြင်းမရှိသည့် အဆိုပါအမျိုးသမီးငယ်သည် ဖေ့စ်ဘွတ်ခ်ပေါ်တွင် မိတ်ကပ်ပညာရှင် အလုပ်သင်ကြော်ငြာကိုတွေ့ခဲ့သည်ဟု ဆိုသည်။ ထို ကြော်ငြာအတိုင်း လျှောက်ထားခဲ့ပြီးနောက် ကုမ္ပဏီက မိတ်ကပ်ပညာရှင်လုပ်မည့်အစား မင်္ဂလာပွဲစီစဉ်သူလုပ်ရန် ဆွဲဆောင်ခဲ့သည်ဟုဆိုသည်။

ဟောင်ကောင်တွင် တစ်ပတ်ကြာ အခမဲ့သင်တန်းပေးပြီးနောက် သင်တန်းအောင်မြင်ရန် တရုတ်ပြည်မကြီး ဖူကျင်းပြည်နယ်ရှိ အသွင်ယူမင်္ဂလာပွဲပုံစံကျင်းပမှုတစ်ခုတွင် ပါဝင်ရန်လိုအပ်သည်ဟုဆိုကာ လှည့်ဖျားခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။ 

ဇူလိုင်လအတွင်း ထိုအမျိုးသမီးငယ်သည် ဒေသခံအစိုးရရုံးတစ်ရုံးတွင် လက်ထပ်ခွင့်လျှောက်ထားလွှာတစ်စောင်ကို လက်မှတ်ထိုးပေးခဲ့ရသည်ဟုဆိုသည်။

ယင်းလက်ထပ်မှုမှာ ပွဲပြီးလျှင် ပျက်ပြယ်သွားမည်ဟု ကုမ္ပဏီကလှည့်ဖြားခဲ့သည်ဟု ဆိုသည်။ 

သို့သော်လည်း ဟောင်ကောင်သို့ ပြန်လာအပြီးတွင် ထိုအမျိုးသမီးအလိမ်ခံရပြီဟု အတန်းဖော်တစ်ဦးက သတိပေးခဲ့သည်ဟုဆိုသည်။

ယခုအခါ ၂၁ နှစ်ရွယ် အမျိုးသမီးငယ်မှာ အိမ်ထောင်ရှင်ဘဝရောက်နေပြီး ကွာရှင်းပြတ်စဲခွင့် ပြန်လျှောက်ရတော့မည်ဖြစ်သည်။ မည်သူမည်ဝါကို လက်ထပ်ခဲ့ကြောင်း သူကိုယ်တိုင် ရှင်းရှင်းလင်းလင်းမသိ ဖြစ်နေသည်ဟုဆိုသည်။

နှစ်စဉ်နှင့်အမျှ ပြည်မကြီးနှင့် ဟောင်ကောင်နယ်စပ်ဖြတ်ကျော် လှည့်ဖြားလက်ထပ်မှု တစ်ထောင်ခန့်ရှိနေသည်ဟု သိရသည်။ ဟောင်ကောင်သူဟောင်ကောင်သားတစ်ဦးဦးနှင့် လက်ထပ်သော ပြည်မကြီးမှပုဂ္ဂိုလ်သည် ပိုမိုလွတ်လပ်သောဟောင်ကောင်တွင် အခြေချနေထိုင်ခွင့် လျှောက်ထားနိုင်သည်ဟု သိရသည်။

F-03