News

POST TYPE

NEWS

ကျပ်သိန်း တစ်ရာကျော်နှင့် ရွှေထည်ပစ္စည်းများ ခိုးယူသူကို ဖမ်းမိ
29-Aug-2018



ရန်ကုန်၊ ဩဂုတ် ၂၈

ဒဂုံမြို့သစ် (အရှေ့) မြို့နယ်၊ (၁၃၃) ရပ်ကွက်တွင် ဩဂုတ်လ ၂၇ ရက် ညနေပိုင်းက ကျပ်သိန်းတစ်ရာကျော်နှင့် ရွှေထည်ပစ္စည်း ခိုးယူခဲ့သည့် အမျိုးသားကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ သန့်ဇင်ကျော်မှာ ဩဂုတ်လ ၂၆ ရက် နံနက်အစောပိုင်းက ယင်းမြို့နယ်ရှိ နှစ်ထပ်နေအိမ်တစ်အိမ်ရှိ ဗီရိုထဲမှ ငွေကျပ် ၁၁၈ သိန်းနှင့် ရွှေလက်ကောက် ၂၀ ကွင်း၊ ရွှေလက်စွပ် ၄ ကွင်းနှင့် ရွှေဆွဲကြိုး နားဆွဲဆွဲပြားများနှင့် လက်ကိုင်ဖုန်းနှစ်လုံးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

“အိမ်ရှင်တွေက အိမ်တံခါးမကြီးကို မပိတ်မိဘဲ အိပ်ရာဝင်ခဲ့ရာက နေအိမ်ထဲမှာရှိတဲ့ ရွှေထည်နဲ့ ပိုက်ဆံတွေ ခိုးယူခံရတာ။ ခိုးမှုကျူးလွန်သူကို သူခိုးယူသွားတဲ့ လက်ကိုင်ဖုန်းကနေ ခြေရာခံ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်”ဟု ရဲအရာရှိက ပြောကြားသည်။

အဆိုပါခိုးမှုနှင့် ပတ်သက်၍ ပျောက်ဆုံးနေသော လက်ကိုင်ဖုန်းနှစ်လုံးကို ဒဂုံမြို့သစ် (အရှေ့) မြို့နယ် (၁၃၃) ရပ်ကွက်နေ သန့်ဇင်ကျော်ဆိုသူက အသုံးပြုနေကြောင်း စုံစမ်းသိရှိရသဖြင့် ဩဂုတ်လ ၂၇ ရက် ညနေပိုင်းတွင် သန့်ဇင်ကျော်နှင့်အတူ ၎င်း၏ နေအိမ်ထဲမှ သက်သေခံရွှေထည်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီး ဒဂုံမြို့သစ် (အရှေ့)မြို့မရဲစခန်းက (ပ) ၉၉၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်၍ အခြားကျူးလွန်ထားသည့် ပြစ်မှုများ ရှိ မရှိ တိုက်ဆိုင်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03