News

POST TYPE

NEWS

မြောက်ကိုရီးယားသည် ဂျပန်အတွက် ကြောက်စရာကောင်းသည့် အန္တရာယ်တစ်ရပ်ဖြစ်ဟု ဂျပန်ပြော


တိုကျို၊ ဩဂုတ် ၂၈

ကင်ဂျုံအန်းကိုယ်တိုင်က ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို ရပ်ဆိုင်းပြီး ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယား လက်နက်ကင်းစင်ရေးအတွက် လုပ်ဆောင်သွားပါမည်ဟု ကတိပြုပြောဆိုထားသော်လည်း မြောက်ကိုရီးယားနိုင်ငံသည် ဂျပန်ကျွန်း၏ လုံခြုံရေးကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခြိမ်းခြောက်နေသည့် အန္တရာယ်တစ်ရပ်ဖြစ်သည်ဟု ဂျပန်နိုင်ငံက အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

“မြောက်ကိုရီးယား၏ စစ်ရေးလုပ်ရှားဆောင်ရွက်မှုများသည် ကျွန်ုပ်တို့ ဂျပန်ပြည်ရင်ဆိုင်ခဲ့ရသော ဆိုးရွားသည့် အန္တရာယ်နှင့် ဖိအားများပင်ဖြစ်တော့သည်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိသော စက္ကဖြူစာတမ်းတွင် သတိပေးဖော်ပြထားသည်။ 

ဂျပန်နိုင်ငံသည် နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား၊ တရုတ်၏ စစ်ရေးအင်အားတိုးချဲ့မှုနှင့် နယ်မြေချဲ့ထွင်ရေးရည်မှန်းချက်များသာမက ဩဇာအာဏာပြန်လည်ထူထောင်ရန် ဦးတည်ချက်ရှိသော ရုရှားအစရှိသည့် ပြိုင်ဘက်များ၏ ဝန်းရံမှုကို ခံထားရပြီဖြစ်သည်ဟု စက္ကူဖြူစာတမ်းက ဂျပန်နိုင်ငံ၏ လုံခြုံရေးအနေအထားကို ဖော်ကျူးပြသထားသည်။

“ကျွန်ုပ်တို့အနေနှင့် မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားနှင့် ဒုံးကျည်လက်နက်များ အမှန်တကယ်စွန့်လွှတ်ခြင်း ရှိ၊ မရှိကို အနီးကပ်ဂရုတစိုက်လေ့လာစောင့်ကြည့်ကြရမည်ဖြစ်သည်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုပါ စက္ကူဖြူစာတမ်းက အကြံပြုသည်။ 

ထို့ပြင် မြောက်ကိုရီးယားသည် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ နျူကလီးယားစမ်းသပ်မှုများနှင့် ပဲ့ထိန်း ဒုံးကျည် အစင်း ၄၀ ကို ပစ်လွှတ်စမ်းသပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအနက်ဒုံးကျည် အချို့မှာ ဂျပန်နိုင်ငံပေါ်မှ ဖြတ်သန်းသွားကြောင်း ဆက်လက်ဖော်ပြသည်။

အာရှဒေသတွင်း တရုတ်နိုင်ငံ၏ အနေအထားနှင့်ပတ်သက်၍လည်း “တရုတ်တို့ ပါဝါကြီးထွားလာသည်နှင့်အမျှ တရုတ်စစ်အင်အားသည်လည်း အဆမတန်လျင်မြန်စွာပင် ကြီးထွားဖွံ့ဖြိုးလျက်ရှိသည်” ဟု သတိပေးထောက်ပြသည်။ 

ပြုံယမ်းကွန်မြူနစ်အစိုးရကမူ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဂျပန်အစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သံတမန်ဆက်ဆံရေးပြန်လည်ကောင်းမွန်အောင် မြောက်ကိုရီးယားနိုင်ငံ၏ ကြိုးပမ်းချက်များကို လမ်းချော်သွားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဝေဖန်ထားသည်။ 

ဂျပန်နိုင်ငံက မြောက်ကိုရီးယား၏ ဒုံးကျည်အန္တရာယ်များမှ ကာကွယ်နိုင်ရေးအတွက် Aegis Ashore လေကြောင်းကာကွယ်ရေးရေဒါစနစ်ကို အမေရိကန်ပြည်ထောင်စုထံမှ ဝယ်ယူရန် စီစဉ်လျက်ရှိသည်ဟု ဆိုထားသည်။

F-01