News

POST TYPE

NEWS

သက်တမ်းအရှည်ဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာနိုင်သည့် အာဘေး ပါတီခေါင်းဆောင်နေရာ ထပ်အရွေးခံမည်
28-Aug-2018


တိုကျို၊ ဩဂုတ် ၂၇

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သူ၏ အာဏာရပါတီ ခေါင်းဆောင်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင် အရွေးခံသွားမည်ဖြစ်သည်ဟု တနင်္ဂနွေနေ့တွင် ထပ်မံအတည်ပြုခဲ့ပြီး အနိုင်ရရန် ကျိန်းသေသလောက်ရှိသောကြောင့် ဂျပန်သမိုင်းတစ်လျှောက် သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်ဖြစ်လာရန် အခြေအနေကောင်းနေသလို သူမျှော်လင့်ထားသလိုအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးမှာလည်း ပိုမိုအားကောင်းလာခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

အာဘေးအပေါ် ပါတီတွင်းထောက်ခံသူ အများအပြားရှိသောကြောင့် ကွန်ဆာဗေးတစ်ဝါဒီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ခေါင်းဆောင်အဖြစ် အလွယ်တကူ ထပ်မံအရွေးခံရဖွယ်ရှိနေပြီး ပြိုင်ဘက်ဟူ၍ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူအီရှီဘာ တစ်ဦးသာရှိသည်ဟု သတင်းများက ဆိုသည်။

“LDP ခေါင်းဆောင်အဖြစ်၊ ဝန်ကြီးချုပ်အဖြစ် နောက်ထပ်သုံးနှစ်ကြာဂျပန် နိုင်ငံကို ထပ်မံဦးဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ လာမယ့်လမှာ ကျင်းပမယ့် ပါတီခေါင်းဆောင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာဖြစ်ပါတယ်”ဟု အာဘေးက သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုခဲ့သည်။

အတိုက်အခံပါတီများမှာ LDP ကို စိန်ခေါ်နိုင်စွမ်းမရှိ ဖြစ်နေချိန်တွင် အာဘေးသည် ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ ဂျပန်ကို နောက်သုံးနှစ် ထပ်မံအုပ်ချုပ်ခွင့်ရရှိရန် သေချာသလောက်ရှိနေသည်။ 

ဝန်ကြီးချုပ်အဖြစ်ပါ တာဝန်ယူရမည့် အာဏာရပါတီခေါင်းဆောင်နေရာကို လွှတ်တော်အမတ်များ၏ မဲ ၅၀ ရာခိုင်နှုန်း၊ ပါတီဝင်များ၏ မဲ ၅၀ ရာခိုင်နှုန်းဖြင့် ဆုံးဖြတ်သွားမည်ဖြစ်သည်။

ဂျပန်တွင် သက်ကြီးရွယ်အိုဦးရေ အလွန်အမင်းများပြားလာမှုကဲ့သို့သော လူဦးရေအခြေအနေ ပြဿနာများကို အာရုံစိုက် ဖြေရှင်းသွားမည်ဖြစ်သလို မငြိမ်မသက် ပြောင်းလဲနေသော နိုင်ငံတကာ အခြေအနေကိုလည်း အာရုံစိုက်သွားမည်ဟု အာဘေးက ပြောကြားခဲ့သည်။

ပါတီတွင်းပြိုင်ဘက် အီရှီဘာကလည်း လူဦးရေအခြေအနေပူပန်စရာများနှင့် နျူလက်နက်ပိုင် မြောက်ကိုရီးယား၏ ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှုမှာ ဂျပန်နိုင်ငံအတွက် အဓိကစိန်ခေါ်မှုကြီးများဖြစ်သည်ဟု ပြောကြားခဲ့သည်။

အာဘေးသည် ၂၀၀၆-၂၀၀၇ ခွ၍ ဝန်ကြီးချုပ်တာဝန် စုစုပေါင်းတစ်နှစ်သာ ထမ်းဆောင်ခွင့် ရခဲ့သော်လည်း ၂၀၁၂ ဒီဇင်ဘာတွင် LDP ပါတီ၏ ရွေးကောက် ပွဲအောင်ပွဲနှင့်အတူ တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်မှာ ယနေ့အထိဖြစ်သည်။

လက်ရှိအချိန်တွင် ရာထူးသက်တမ်း အရှည်ဆုံး ဂျပန်ဝန်ကြီးချုပ်မှာတာရို ကတ်ဆူရာဖြစ်ပြီး ၁၉၀၁ မှ ၁၉၁၃ ခုနှစ်အထိ ဝန်ကြီးချုပ် သက်တမ်းသုံးနှစ်ဆက် ထမ်းဆောင်ခဲ့သူဖြစ်သည်။

အကယ်၍ အာဘေးသာပါတီတွင်း ခေါင်းဆောင်ရွေးပွဲတွင် ထပ်နိုင်ပြီးလာမည့်နှစ် နိုဝင်ဘာလထက် ကျော်၍ တာဝန်ထမ်းဆောင်နိုင်ပါက ၂၀၀၆-၂၀၀၇ သက်တမ်းကိုပါ ထည့်တွက်လျှင် ဝန်ကြီးချုပ်အဖြစ် ရက်ပေါင်း ၂၈၈၆ ရက်တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကာ နိုင်ငံသမိုင်းတစ်လျှောက် ရာထူးသက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။ 

F-03



  • VIA