News

POST TYPE

NEWS

ရန်ကုန်နှင့် ဒေသအချို့ နေရာကွက် မိုးကြီးမည်
26-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၆

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုံလေအားကောင်းနေရာ ရန်ကုန်အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

“လေဖိအားနည်းရပ်ဝန်းက Odisha ကမ်းခြေမြောက်ပိုင်းကနေ အိန္ဒိယနိုင်ငံ ကုန်းတွင်းရောက်သွားနိုင်ပါတယ်။ မိုးလယ်ကာလကုန်ဆုံးခါနီး ငါးရက်လောက် မုတ်သုံလေ ရုတ်တရက် အားမလျှော့စေမယ့် အခြေအနေပေါ့”ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုံလေအားကောင်းပြီး ကမ်းရိုးတန်းဒေသများတွင် မိုးအားပိုနေနိုင်ရာ ဩဂုတ်လ ၂၇ ရက်နေ့မှ နောက်ငါးရက်အတွင်း ၂၄ နာရီ မိုးရေချိန် နှစ်လက်မနှင့်အထက် ရရှိသည်အထိ မိုးရွာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ မိုးအားပိုနိုင်သည့်အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

E-03