News

POST TYPE

NEWS

အလုပ်သမားအငြင်းပွားဖြေရှင်းရေး ဥပဒေကြမ်းသည် အကာအကွယ်မဲ့ဖြစ်စေသည်ဟု အလုပ်သမားအဖွဲ့အစည်းများ ပြော
ရန်ကုန်၊ ဩဂုတ် ၂၅

အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ဥပဒေကြမ်းပါ ထောင်ဒဏ်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပယ်ဖျက်လိုက်သည့်အတွက် အလုပ်သမားများအနေနှင့် ဥပဒေအရ အကာအကွယ်မရသေး ကြောင်း အနာဂတ်အလင်းတန်းဆုံမှတ်အလုပ်သမားအဖွဲ့အစည်း၏ ဒါရိုက်တာ ဒေါ်သက်သက်အောင်က ပြောကြားသည်။

“အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာက စိုးရိမ်ရေမှတ် ရောက်နေပြီး သွားတိုင်ရင် ဥပဒေအကာအကွယ်မရဘူးလို့ မြင်လာရင် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာမှာပဲ။ စက်ရုံက အကြောင်းမဲ့ အလုပ်ထုတ်ခံရလို့ သွားတိုင်ရင် ခုံသမာဓိက အလုပ်ပြန်ခန့်ဖို့ ဆုံးဖြတ်ချက်ချလည်း လုပ်ငန်းရှင်က မလိုက်နာဘူး။ လျော်ကြေး သိန်း ၁၀၀ ဆောင်မှာပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းဥပဒေနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်မှစတင်ကာ အလုပ်သမားအဖွဲ့ အစည်းအသီးသီးနှင့် အလုပ်သမားများက ထောင်ဒဏ်နှင့် ငွေဒဏ် တိုးမြှင့်ပေးရန် ခြောက်နှစ်ကြာ စုပေါင်းတောင်းဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

ယင်းဥပဒေတွင် ထောင်ဒဏ် ပယ်ဖျက်သည်ကို လက်မခံနိုင်ကြောင်း အလုပ်သမားအဖွဲ့အစည်းများ စုပေါင်း၍ လွှတ်တော်ကိုယ်စားလှယ်နှင့် သွားရောက်တွေ့ဆုံရန် စီစဉ်နေကြောင်း WE Generation Wave  အလုပ်သမားအဖွဲ့အစည်းမှ ဦးဆောင်သူ ကိုနန္ဒစစ်အောင်က ပြောကြားသည်။

“ကျွန်တော်တို့ အစည်းအဝေးလုပ်ပါမယ်။ ပြီးရင် ထုတ်ပြန်ပေးပါမယ်။ သေချာတာက ထောင်ဒဏ်ကိစ္စက ဘယ်သူ့ကိုမှ ထောင်ချချင်လို့တော့ မဟုတ်ဘူး။ အဲလိုမှ မလုပ်ရင် ဥပဒေအရ မထိန်းချုပ်နိုင်တော့ဘူး။ အလုပ်သမား အငြင်းပွားမှုဖြစ်တိုင်း လုပ်ငန်းရှင်က ခုံသမာဓိကောင်စီကို မလိုက်နာဘူး။ ငွေ ၁၀ သိန်းပေးပြီး လုပ်ငန်းရှင်က ဖြေရှင်းနေတယ်” ဟု ၎င်းက ပြောကြားသည်။

၎င်းတို့အဖွဲ့က ၂၀၁၇ ခုနှစ်အတွင်း ဖြေရှင်းပေးသည့်အမှု ၁၄ မှုတွင် ခုံသမာဓိ ကောင်စီဆုံးဖြတ်ချက် မလိုက်နာသည့် လုပ်ငန်းရှင်က ဒဏ်ငွေဆောင် ဖြေရှင်းသည့်အမှု ၈ မှုရှိပြီး တိုင်းခုံသမာဓိ ကောင်စီသို့ရောက်ရှိသည် အမှု ၁၂ မှုတွင် ၁၀ မှုသည် လုပ်ငန်းရှင်က လျော်ကြေးပေး၍ ဖြေရှင်းခဲ့သည်ဟု ၎င်းက ပြောကြားသည်။

အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြစ်မှုကျူးလွန်သူကို အများဆုံး ဒဏ်ကြေး သိန်း ၁၀၀ နှင့် ထောင်ဒဏ် ၆ လ ကျခံစေရန် အမျိုးသားလွှတ်တော်က ဇွန်လ ၁ ရက်က အတည်ပြုထားပြီး ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း က “ရင်းနှီးမြှုပ်နှံသူတွေပေါ် မူတည်၍ ထောင်ဒဏ်ထည့်သွင်းခြင်းကို ပြန်လည်စဉ်းစားတာဖြစ်တယ်။ နိုင်ငံတကာမှာလည်း အငြင်းပွားမှုကို ဖြေရှင်းတဲ့အခါမှာ အလုပ်ရှင်တွေကို ထောင်ဒဏ်ထည့်သွင်းခြင်းမရှိဘူး” ဟု ပြောဆိုသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ထောင်ဒဏ်ကို ပယ်ဖျက်၍ ငွေဒဏ်ကို ၁၀ ဆ တိုးမြှင့်ခဲ့သည့်အပြင် တစ်ဦးချင်း အငြင်းပွားမှုကို ပယ်ဖျက်၍ အကျိုးစီးပွားဆိုင်ရာနှင့် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုကို ဩဂုတ်လ ၂၄ ရက်က အဆိုတွင် ထည့်သွင်းထားခြင်းဖြစ်သည်။

ယင်းဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ချက်အဆိုကို တင်သွင်းလိုသူများအနေနှင့် ဩဂုတ်လ ၂၇ ရက်တွင် တင်သွင်းရမည်ဖြစ်သည်။ 

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းထားသည့် ယင်းဥပဒေတွင် ပုဒ်မ (၉) ကို ဖြည့်စွက်သည့် ဥပဒေပုဒ်မ ၄၈ (က) အရ အလုပ်ရှင်ကဖြစ်စေ၊ အလုပ်သမားကဖြစ်စေ ဥပဒေကို ချိုးဖောက်လျှင် နိုင်ငံတော်သို့ ဒဏ်ငွေကျပ်ငါးသိန်းမှ ၁၀ သိန်း အထိ ပေးဆောင်ရန် ပြဋ္ဌာန်းထားသည်။