News

POST TYPE

NEWS

အကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ပေးမည့် စံလုပ်ထုံးလုပ်နည်းများစာအုပ် ရေးဆွဲပြီးစီး
24-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၃

နိုင်ငံအနှံ့ရှိ သောင်းချီသော အကျဉ်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ပေးရန် ပြည်ထဲရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ အကျဉ်းထောင်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများစာအုပ်ကို ရေးဆွဲထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှသိရသည်။

အဆိုပါ အကျဉ်းထောင်ကျန်းမာရေးဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများစာအုပ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် UNODC၊ UNAIDS၊ 3MDG Fund တို့၏ ပံ့ပိုးမှုဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် အကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်အစီအစဉ် အသေးစိတ်ကို ပြောကြားခြင်းမရှိပေ။

“အကျဉ်းသားတိုင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရအောင်လုပ်မယ်။ HIV/AIDS နဲ့ ကူးစက်ရောဂါတွေဟာ အကျဉ်းထောင်ထဲမှာ တစ်ယောက်စီ တစ်ယောက် ပျံ့နှံ့လွယ်တယ်။ ဒါတွေကို ရေရှည်စီမံချက်တွေနဲ့ ထိန်းချုပ်မယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

ပြစ်ဒဏ်ကျခံရသူ အကျဉ်းသားများသည် သာမန်ပြည်သူများထက် ရောဂါဖြစ်ပွားနိုင်မှု ပိုများခြင်းကြောင့် ၎င်းတို့ကို ထိခိုက်လွယ်အုပ်စု (Vulnerable group) အဖြစ်သတ်မှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အလေးပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံလုံး၌ အကျဉ်းထောင်ပေါင်း ၄၀ ကျော်ရှိရာတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ အကျဉ်းသားပေါင်း ၇ သောင်းကျော်ရှိပြီး အင်းစိန်နှင့်မန္တလေး အကျဉ်းထောင်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုမှာ ကောင်းမွန်သော်လည်း အခြားပြည်နယ်နှင့်တိုင်းရှိ အကျဉ်းထောင်များတွင်မူ ဆေးဝါးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် အကျဉ်းသား၏ ကျန်းမာရေး စောင့်ရှောက်မှုခံစားပိုင်ခွင့်၊ ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ အကျဉ်းကျလူနာများ၏ မိမိကျန်းမာရေးအတွက် ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်၊ အကျဉ်းသားများ၏ ကျန်းမာရေး အချက်အလက်များ လုံခြုံစိတ်ချရမှု၊ ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးနှင့် ကျွမ်းကျင်မှုတို့သည် အထူးအရေးကြီးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။ 

J-17


  • VIA