News

POST TYPE

NEWS

တရားခံပြေး အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုး ဖုန်းအဆက်အသွယ်ရှိခဲ့သည်ကို ပေါ်ပေါက်ဟု ရှေ့နေ ရောဘတ်စန်းအောင် ဆို
24-Aug-2018


ရန်ကုန်၊ သြဂုတ် ၂၄

ရန်ကုန်လေဆိပ်တွင် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ တရားခံပြေးအဖြစ် ကြေညာထားသူ အောင်ဝင်းခိုင်နှင့် လက်ရှိ တရားစွဲဆို စစ်ဆေးခံနေရသူ ဇေယျာဖြိုးတို့မှာ ဖုန်းအဆက်အသွယ်များ ရှိခဲ့ကြောင်း ပေါ်ပေါက်ခဲ့ဟု တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်က ပြောသည်။

“တရားခံပြေး အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးက စဉ်ဆက်မပြတ် တယ်လီဖုန်းနဲ့ ပြောကြားမှုတွေ ဆက်တိုက် ပေါ်ပေါက်ထားတယ်။ သူတို့က နဂိုကတည်းက အချိတ်အဆက် ရှိနေတယ်။ သူ့ (ဇေယျာဖြိုး)ကုမ္ပဏီလိပ်စာနဲ့ပဲ လိပ်စာကတ်ပြားတွေ ထုတ်တာတွေရှိတယ်။ နေပြည်တော် ရွှေကြာပင်က အိမ်ကိစ္စဟာလည်းပဲ ဇေယျာဖြိုးနဲ့ ဆက်နွယ်နေတယ်ဆိုတာ ပေါ်ပေါက်ပါတယ်။ အရေးအကြီးဆုံးအချက်တွေကို ဒီကနေ့ ကျွန်တော်တို့ တွေ့တယ်။ အောင်ဝင်းခိုင်ရဲ့ ဖုန်းနံပါတ်က 09425033060။ အဲ့ဒါက အောင်ဝင်းခိုင်ရဲ့ မိန်းမ နီနီခိုင်ကနေ သက်ဆိုင်ရာကို အပ်လိုက်တာ။ အဲ့ဒီဟာနဲ့ ဇေယျာဖြိုးရဲ့ တယ်လီဖုန်း 3838 နဲ့ ဆုံးတဲ့ ဖုန်းနဲ့ ကြိမ်ဖန်များစွာ မရေမတွက်နိုင်လောက်အောင် ဆက်သွယ်မှုရှိနေတယ်” ဟု ရှေ့နေ ရောဘတ်စန်းအောင်က သြဂုတ်လ ၂၃ ရက်နေ့ ရုံးချိန်းအပြီးတွင် မီဒီယာများ မေးမြန်းမှုအချို့ကို ဖြေကြားခဲ့သည်။

ယင်းအပြင် အဆိုပါအမှုနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းနှင့် တရားခံပြေး အောင်ဝင်းခိုင်ကို မော်တော်ယာဉ်ဖြင့် လိုက်ပို့သူ ယာဉ်မောင်း ရဲထွဋ်လှိုင်မှာ အမှုတွင် ပါဝင်ခဲ့ခြင်းမရှိသည့် အကြောင်းအရာနှင့် ပတ်သက်၍ ခရိုင်ဥပဒေအရာရှိထံ တင်ပြထားရာတွင် ဟောင်ကောင်တွင် တွေ့ဆုံခဲ့သည့် သုံးဦးပါ ပါဝင်ခဲ့ပြီး နောက်တိုးတရားခံနှစ်ဦး ထည့်သွင်းပေးပါရန် လွန်ခဲ့သည့် ရှစ်လကျော်ကတည်းက ခရိုင်ဥပဒေအရာရှိထံ စာတင်ခဲ့ကြောင်း ရှေ့နေ ရောဘတ်စန်းအောင်က ပြောသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) /၁၀၉ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးတွင် စွဲချက်တင် စစ်ဆေးခံနေရသော ဇေယျာဖြိုးက ၎င်းမှာ တရားခံပြေး အောင်ဝင်းခိုင်နှင့် ပတ်သက်မှု မရှိခဲ့ကြောင်း၊ ၎င်းနေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့စဉ်က ရှာဖွေစာရွက်ကို ၎င်းက ဖတ်ရှုနေချိန် ဓာတ်ပုံရိုက်ယူ၍ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် လုပ်ကြံမှုအတွက် ငွေကျပ် သိန်းတစ်ထောင် လွှဲပေးနေသည့် ဓာတ်ပုံအဖြစ် ဖော်ပြခံရကြောင်းတို့ ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။

ပြည်ထဲရေးဝန်ကြီးနှင့် ယခင်ရဲချုပ်တို့က ပြုလုပ်ခဲ့သည့် နိုင်ငံတော်အဆင့်ရှိသော သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး တရားစွဲဆိုခံရသူ ဇေယျာဖြိုးက သတင်းစာရှင်းလင်းပွဲ ဖော်ပြချက်အချို့မှာ လွဲမှားမှုများ ရှိနေကြောင်းနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက တစ်စုံတစ်ရာကို ပြန်လည် တုန့်ပြန်သင့်ကြောင်း ရှေ့နေ ရောဘတ်စန်းအောင်က ပြောသည်။ အဆိုပါ အမှုမှ တရားစွဲဆိုထားသူ ဇေယျာဖြိုးကို သြဂုတ်လ ၂၄ ရက် (ယနေ့) တွင် အကြိမ် ၇၀ မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်။

S-03



  • VIA