News

POST TYPE

NEWS

ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် အောက်တိုဘာလမှစ၍ ယာဉ်ရပ်နားခများ ပြန်ကောက်မည်
23-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၃

ရန်ကုန်မြို့တွင်း၆ မြို့နယ်အတွင်းရှိ ယာဉ်ရပ်နားကန့်သတ်ဇုန် ၈ ခုတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းလုပ်ငန်းများကို ယခုနှစ်အောက်တိုဘာလမှ စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်ရပ်နားကန့်သတ်ဇုန် ၈ ခုကို လက်ရှိအကြမ်းအားဖြင့် လမ်းမတော်မြို့နယ် အောင်ရတနာလမ်းထိပ်မှ ဗိုလ်တထောင် ဈေးလမ်းအထိ ခွဲထားပြီး လက်ရှိ ယာဉ်မရပ်နားရလမ်းများနှင့် ယာဉ်ရပ်နားရမည့်လမ်းများကို လက်ရှိ စာရင်းကောက်ယူနေပြီး ယင်းမြို့တွင်း ၆ ခုရှိ ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် အငှားချထားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တင်ဒါတွေကို ဩဂုတ် ၂၄ ရက် က စရောင်းချမယ်။ တင်ဒါတစ်စောင်ကို တစ်သောင်းနဲ့ ဝယ်ယူပြီး အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)ကို လျှောက်ထားနိုင်ပါတယ်။ မြို့တွင်းခြောက်မြို့နယ်မှာ ယာဉ်ရပ်နားခကို အောက်တိုဘာမှာ စကောက်ဖို့ စီစဉ်ထားပါတယ်”ဟု အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယခုလက်ရှိ အထပ်မြင့်ကားပါကင် တည်ဆောက်ထားသည့်နေရာများနှင့် အဆင့်မြင့်ရုပ်ရှင်ရုံတို့တွင် ကားပါကင် ကောက်ခံခွင့် တရားဝင်ခွင့်ပြုထားပြီး အခြားသောနေရာများကို ကောက်ခံမှု ရပ်ဆိုင်းထားသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“မြို့တွင်းနေရာတွေမှာ ရပ်နားရင် ကားပါကင်ကြေး တစ်စီးကို ကျပ် ၂၀၀ ပေးနေရတယ်။ အခုက ဘယ်သူတွေ ကောက်ခိုင်းမှန်းလည်း မသိဘူး။ မသိဘဲနဲ့ကို ပေးနေရတယ်။ တရားဝင် ကောက်မယ်ဆိုရင်လည်း အခွန်အခ သက်သာစွာကောက်ဖို့ မျှော်လင့်တယ်။ ဒါမှမဟုတ် ယာဉ်ရပ်နားခကို အများကြီး ကောက်ခံရင်တော့ အဆင်မပြေဘူး။ အခွန်အခကောက်သလို လမ်းတွေကိုလည်း နှစ်ရှည်ကောင်းမွန်အောင် ပြုပြင်ပေးဖို့လိုတယ်။ ပြင်လိုက် ပျက်လိုက် ခုကဖြစ်နေတော့ ပြည်သူ့ဘဏ္ဍာတွေ ဆုံးရှုံးတယ်”ဟု လသာမြို့နယ်ရှိ ကိုယ်ပိုင်ယာဉ်မောင်း ဦးထွန်းထွန်းကဆိုသည်။

ယခုလက်ရှိ ရန်ကုန်မြို့ရှိ လူစည်ကားရာ လမ်းဘေးကားပါကင်နေရာများတွင် စည်ပင်သာယာရေး ကော်မတီအနေနှင့် မည်သည့် ပုဂ္ဂလိကလုပ်ငန်းကိုမျှ ကားပါကင် ရပ်နားကောက်ခံခွင့် မပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ယာဉ်ရပ်နားခကောက်ခံခြင်းအတွက် ဈေးပြိုင်တင်ဒါစည်းကမ်းချက်နှင့် လျှောက်လွှာပုံစံများကို ဩဂုတ်လ ၂၄ ရက်မှ စက်တင်ဘာ ၁၄ ရက်အထိ ရောင်းချပေးမည်ဖြစ်ပြီး တင်ဒါများကို စက်တင်ဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထားပို့ရမည် ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၂၁ ရက်တွင် မြို့တော်ခန်းမ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၌ တင်ဒါရွေးချယ်ပွဲကျင်းပမည်ဖြစ်သည်။

တင်ဒါလျှောက်လွှာပုံစံများကို ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ (ဒုတိယထပ်)၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)တွင် ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10