News

POST TYPE

NEWS

ဗင်နီဇွဲလားပဋိပက္ခကြောင့် ဘရာဇီးသို့ ရွှေ့ပြောင်းပိုမိုဝင်ရောက်လာ
23-Aug-2018
ရီယိုဒီဂျနေရိုး၊ ဩဂုတ် ၂၂

နယ်စပ်ရှိ ရွှေ့ပြောင်းဒုက္ခသည်စခန်းကို စနေနေ့က တိုက်ခိုက်မှုများရှိခဲ့သော်လည်း ဘရာဇီးသို့ ထွက်ပြေးဝင်ရောက်လာသည့် ဗင်နီဇွဲလားနိုင်ငံသားအရေအတွက် မြင့်တက်လာနေသည်ဟု ဘရာဇီးတာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဗင်နီဇွဲလား စီးပွားရေးပြိုလဲမှုကြောင့် ဘရာဇီးသို့ထွက်ပြေးသူအရေအတွက် နေ့စဉ်မြင့်တက်လျက်ရှိရာ ရိုရိုင်းမားပြည်နယ်တွင် ဗင်နီဇွဲလား ၉၀၀ ခန့် ရောက်ရှိနေသည်ဟု ဘရာဇီးစစ်တပ် တာဝန်ရှိသူက ခန့်မှန်းပြောကြားသည်။

ဗင်နီဇွဲလား လက်ဝဲယိမ်းအစိုးရသည် တနင်္လာနေ့တွင် ရုံးပိတ်ရက်ကြေညာကာ ဗော်လီဗာငွေစက္ကူကို ဖျက်သိမ်း၍ ပီထရိုဟုခေါ်သော ငွေကြေးအသစ်ကို ပြောင်းလဲထုတ်ဝေခဲ့ပြီးနောက် အင်္ဂါနေ့တွင် ဘဏ်များ၊ ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ကြသည်။

အစိုးရက ငွေဖောင်းပွမှုကြောင့် ပြုလုပ်ရသည်ဟု အကြောင်းပြသော်လည်း ဝေဖန်သူများကမူ အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်လာလိမ့်မည်ဟု သတိပေးကြသည်။ အတိုက်အခံအုပ်စုများကလည်း အင်္ဂါနေ့တွင် သပိတ်မှောက်မှုများ၊ ဆန္ဒပြမှုများ ပြုလုပ်ကြရန် ဆော်ဩခဲ့ကြသည်။

ဘရာဇီးနိုင်ငံဘက် နယ်စပ်မြို့ ပါကာရိုင်းမားတွင် စနေနေ့က အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များကို နယ်စပ်သို့စေလွှတ်ခဲ့သည်။ ဗင်နီဇွဲလားမှ ရွှေ့ပြောင်းလူသူများ ဝင်ရောက်မှုကို ယာယီတားဆီးပေးရန် အထက်ခုံရုံးကို ရိုရိုင်းမားပြည်နယ်အစိုးရက တောင်းဆိုခဲ့ပြီး လူမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ မနိုင်နင်းကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် နယ်စပ်ကိုပိတ်ခြင်းသည် ဥပဒေနှင့်မညီသောကြောင့် စဉ်းစားရန် မဖြစ်နိုင်ကြောင်း ဘရာဇီးလုံခြုံရေးဝန်ကြီး ဆာဂျီယို အက်ချီဂိုယင်က ပြောကြားသည်။ “တင်းမာမှု ဖြစ်နေတာပါ။ ပဋိပက္ခ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

ဘရာဇီးသို့ နယ်စပ်ဖြတ်ကူး ဝင်ရောက်လာသူများက ၎င်းတို့သည် ဗင်နီဇွဲလားတွင် ငတ်မွတ်နေကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလည်း မရရှိကြောင်း ပြောကြားကြသည်။

တနင်္ဂနွေနေ့တွင် ရိုရိုင်းမားသို့ နေ့စဉ်ဝင်ရောက်မှုနှုန်းထက် ၃၀၀ ပိုများကာ ဗင်နီဇွဲလား ၈၀၀ ခန့် ရောက်ရှိလာခဲ့သည်ဟု ဘရာဇီးစစ်တပ်က ဆိုသည်။

စနေနေ့က ပါကာရိုင်းမားတွင် ဒေသခံစားသောက်ဆိုင်ပိုင်ရှင်ကို ဗင်နီဇွဲလားများက ရိုက်နှက်ခဲ့သည်ဟု သတင်းထွက်ခဲ့ပြီးနောက် ဗင်နီဇွဲလား ရွှေ့ပြောင်းဝင်ရောက်သူများသည် ဒေါသထွက်နေသော ဒေသခံများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ဒေသခံအုပ်စုများက ဒုက္ခသည်များ၏ တဲများနှင့်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွှေ့ပြောင်းဝင်ရောက်သူများမှာ ဗင်နီဇွဲလားဘက်သို့ ပြန်ထွက်ပြေးခဲ့ကြရပြီး ထို့နောက်တွင် ပြန်လည်ဝင်ရောက်လာခဲ့ကြသည်ဟု တနင်္လာနေ့ သတင်းများက ဆိုသည်။

မကြာသေးမီ လပိုင်းများအတွင်း ရိုရိုင်းမားသို့ ဝင်ရောက်လာသည့် ဗင်နီဇွဲလားများအပေါ် ဒေသခံများ၏ ရန်ပြုလိုသည့်စိတ်များ ကြီးထွားလာခဲ့သည်။

ဗင်နီဇွဲလားတို့သည် ဘရာဇီးသို့သာမက အခြားနိုင်ငံများသို့လည်း ရွှေ့ပြောင်းဝင်ရာက်နေကြရာ ကိုလမ်ဘီယာ၊ အီကွေဒေါ၊ ပီရူး၊ ချီလီ စသောနိုင်ငံများက ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူများအရေးကို ကိုင်တွယ်ရန် ရုန်းကန်နေကြရသည်ဟု ပြောကြားထားသည်။ 

လွန်ခဲ့သောသုံးနှစ်အတွင်း ကိုလမ်ဘီယာသို့ ဗင်နီဇွဲလား ၃၀၀၀ ခန့် နေ့စဉ်ဝင်ရောက်ခဲ့မှုကြောင့် လောလောဆယ်တွင် ၈၀၀,၀၀၀ ကျော်ကို ယာယီနေထိုင်ရန် ခွင့်ပြုထားရသည်။ ပီရူးနိုင်ငံကလည်း ပြီးခဲ့သော သီတင်းတစ်ပတ်အတွင်းမှာပင် ဗင်နီဇွဲလား ၂၀၀၀၀ ခန့် ဝင်ရောက်လာခဲ့သည်ဟု ပြောကြားသည်။

F-04