News

POST TYPE

NEWS

ပခုက္ကူမြို့တွင် ပြည့်တန်ဆာအဖြစ် စေခိုင်းသူနှင့် ရောင်းစားသူကို အမှုဖွင့်
23-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၂ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းပေါ်ရှိ ခြံကွက်တစ်ခုအတွင်းတွင် ပြည့်တန်ဆာခန်းများဖွင့်ကာ စေခိုင်းသူအမျိုးသားနှင့် ယင်းပြည့်တန်ဆာခန်းသို့ ရောင်းစားသူ အမျိုးသမီးတစ်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မများဖြင့် ရွှေပြည်သာမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်တွင်နေထိုင်သူ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဇူလိုင်လ ၉ ရက်နေ့က ခင်မင်ရင်းနှီးသူ အမျိုးသမီးတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် ပခုက္ကူမြို့သို့ လိုက်သွားခဲ့ရာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ရပြီး အမျိုးသားတစ်ဦးနှင့် ဆက်ဆံပါက ကျပ်တစ်ထောင်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အဝတ်အစားနှင့် စားစရိတ်တို့ကို နုတ်သည်ဟုဆိုကာ ငွေကြေးတစ်စုံတစ်ရာပေးအပ်ခြင်းမရှိဘဲ စေခိုင်းခဲ့ကြောင်း၊ ယင်းနေအိမ်တွင် တစ်လနှင့် ၈ ရက်အကြာ လုပ်ကိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“မုန့်ဟင်းခါးဆိုင်မှာ အလုပ်လုပ်ရမယ်။ စရိတ်တွေကို ကုန်ကျခံပေးမယ်ဆိုပြီး သူ့အသိ မိတ်ဆွေအမျိုးသမီးက ပြောလို့ လိုက်သွားတာ၊ ဟိုရောက်တော့ ပြည့်တန်ဆာခန်းမှာ အလုပ်လုပ်ရမယ်၊ မလုပ်ရင် သတ်ပစ်မယ် ခြိမ်းခြောက်လို့ လုပ်ခဲ့ရတာ။ ပို့ပေးတဲ့ အမျိုးသမီးက ငါးသောင်းရတယ်တဲ့၊ အဲဒီပို့ပေးတဲ့ အမျိုးသမီးက ပို့ပြီးတော့ ချက်ချင်းပြန်သွားတာ” ဟု အမှုဖွင့်တိုင်ကြားချက်အရ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းပြည့်တန်ဆာခန်းအတွင်းတွင် အခန်း ၆ ခန်းရှိပြီး တစ်နေ့လျှင် အမျိုးသား ၈ ဦးခန့်နှင့် ဆက်ဆံခဲ့ရကြောင်း၊ တစ်ခါတစ်ရံ ညအိပ်ခေါ်ဆောင်ပါက အနီးရှိ တည်းခိုခန်းများသို့ လိုက်သွားပြီး ဆက်ဆံနေထိုင်ရကြောင်း၊ ထိုသို့ အပြင်ထွက်နေထိုင်ရသည့်အခါ ထွက်ပြေးရန် ကြိုးစားသော်လည်း စေခိုင်းသူ အမျိုးသားက အစောင့်များထည့်ကာ စောင့်ကြည့်ခေါ်ဆောင်သည့်အတွက် မလုပ်ချင်ဘဲ လုပ်ကိုင်ခဲ့ရကြောင်း၊ ၎င်းနောက် ဖခင်ဖြစ်သူ နေမကောင်းသဖြင့် ခေတ္တခဏပြန်လိုသည်ဟုဆိုကာ တောင်းပန်သဖြင့် ပြန်ခွင့်ရခဲ့ရာက ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း အမှုဖွင့်စစ်ဆေးချက်အရ သိရသည်။

J-16