News

POST TYPE

NEWS

စက်ဆီ၊ ချောဆီများကို တင်သွင်းသည့်အကြိမ်တိုင်း အရည်အသွေး စစ်ဆေးမည်
23-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၂

ပြည်ပမှ တင်သွင်းသော စက်ဆီ၊ ချောဆီများကို စက်တင်ဘာလ ၁ ရက်နေ့ မှစ၍ တင်သွင်းသည့်အကြိမ်တိုင်းတွင် နမူနာရယူပြီး အရည်အသွေးစစ်ဆေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာသည်။

ယခင်က ပြည်ပမှတင်သွင်းသော စက်ဆီချောဆီ (New Brand) ပထမအကြိမ် တင်သွင်းမှုကိုသာ နမူနာယူ၍ အရည်အသွေးစစ်ဆေးခဲ့ပြီး စက်တင်ဘာလမှ စတင်ကာ တင်သွင်းသည့်အကြိမ်တိုင်း အရည်အသွေးမှန်ကန်မှုရှိမှသာ ထုတ်ယူဖြန့်ဖြူး သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ယင်းသို့လုပ်ဆောင်ခြင်းသည် စက်ဆီ၊ ချောဆီများ၏ အရည်အသွေး ကောင်းမွန်မှန်ကန်မှုရှိစေရန်နှင့် သုံးစွဲသူပြည်သူလူထု၏ ယုံကြည်မှုပိုမိုရရှိစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းထံမှ သိရသည်။

“ဒါက ကျွန်တော်တို့ စက်သုံးဆီဘက်တော့ ဘာမှအကြောင်းကြားတာတော့ မရှိသေးဘူး။ စက်သုံးဆီအရည်အသွေးကတော့ ပုံမှန်စစ်ဆေးနေတဲ့ အစီအစဉ်တွေအတိုင်း စစ်ပါတယ်” ဟု မြန်မာနိုင်ငံ စက်သုံးဆီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပမှတင်သွင်းသော စက်သုံးဆီများ၏ အရည်အသွေးစစ်ဆေးမှုကို တင်သွင်းသည့်အချိန်တွင် တစ်ကြိမ်စစ်ဆေးခြင်းနှင့် စက်သုံးဆီလက်လီရောင်းချသော စက်သုံးဆီဆိုင်များသို့ ရောက်ရှိချိန်တွင်လည်း ထပ်မံစစ်ဆေးခြင်းတို့ပြုလုပ်ကြောင်း ၎င်းကရှင်းပြပြောဆိုသည်။

လက်ရှိအချိန်တွင် စက်သုံးဆီဈေး နှုန်းများသည် ဆက်တိုက်မြင့်တက်လျက်ရှိပြီး ဒီဇယ်တစ်လီတာလျှင် ၉၆၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၉၇၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၉၃၅ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာ လျှင် ၉၈၅ ကျပ်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်း စာရင်းများအရ သိရသည်။

J-01