News

POST TYPE

NEWS

တောင်ကြီးတွင် လေးလောင်းပြိုင် လူသတ်မှု ဖြစ်
22-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၁

ရှမ်းပြည် (တောင်ပိုင်း) တောင်ကြီးမြို့ ဆေးတက္ကသိုလ်အနောက်ဘက်ရှိ လိုဏ်ဂူအနီးတွင် ဒုအရာခံဗိုလ်နှင့် တပ်ကြပ်ကြီးအပါအဝင် လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“လေးလောင်းပြိုင် လူသတ်မှုဖြစ်ခဲ့ပေမယ့် အခုထိ Dead Body တွေကို မြင်တွေ့ခွင့် မရသေးဘူး။ ရဲတပ်ဖွဲ့ကပါ ဖြစ်စဉ် သေချာမသိရသေးဘူးလို့ ပြောတယ်။ လက်ရှိ နောက်ဆုံးကြားရတဲ့ သတင်းအရဆို ပြစ်မှုကျူးလွန်တဲ့ အမျိုးသားတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီလို့ အွန်လိုင်းပေါ်မှာ သတင်းတွေတက်လာပြီ”ဟု တောင်ကြီးမြို့ တရားဥပဒေ စိုးမိုးရေးကွန်ရက်မှ ကိုဝင်းနိုင်စိုးက ပြောကြားသည်။ 

အသတ်ခံရသူများမှာ GE တပ်၊ လေသန့်ဌာနမှ ဒုအရာခံဗိုလ် အောင်ဆန်းဝင်း၊ တပ်ကြပ်ကြီး လွမ်းဝေအောင်၊ အရာခံဗိုလ် စိုးမိုးထွန်း၏ဇနီး အသက် ၄၂ နှစ် ဒေါ်အိအိမိုး၊ ၎င်း၏သမီး အသက် ၅ နှစ် မမေရှင်းသန့်ဖြူတို့ဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်နေ့က အသတ်ခံရခြင်းဖြစ်သည်။

“မနေ့ညထဲက သတင်းသဲ့သဲ့ ကြားမိတယ်။ ဒါပေမဲ့ သတင်းထောက်တွေ မေးကြည့်တော့ သူတို့က ဘာသံမှ မကြားမိဘူးလို့ ပြောတယ်။ မနက်ကျ ဒီသတင်းက အတည်ဖြစ်လာပြီဆိုတာကို စုံစမ်းသိရပေမယ့် အခင်းဖြစ်နေရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေလို့ ပြောကြတော့ သွားကြည့်လို့လည်း မရဘူးလေ။ အပြင်ကနေ ပတ်လိုက်ပြီး ဖြစ်စဉ်အမှန်ရဖို့ ကြိုးစားနေရတာ”ဟု ကိုဝင်းနိုင်စိုးက ဆိုသည်။ 

လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့် နေရာမှာ တောင်ကြီးမြို့ ရွှေဘုန်းပွင့် အတက်လမ်း တောင်ကြီးဆေးတက္ကသိုလ် အနောက်ဘက်ရှိ လိုဏ်ဂူအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းလမ်းမှာ လူအသွားအလာပျက်၍ မကြာခဏ လူသတ်မှု၊ လုယက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း တောင်ကြီးမြို့ခံများထံမှ စုံစမ်းသိရှိရသည်။

“ငါးနှစ်ကလေးက အူတွေ ထွက်နေတာ။ စဝ်စံထွန်း ဆေးရုံရောက်မှ ဆုံးသွားတယ်။ သူ့အမေ အလောင်းဆို ရစရာကို မရှိဘူး။ အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီးပဲ။ ကလေးမလေးရဲ့ ဖအေဖြစ်သူ အရာခံဗိုလ်က အကြီးမလေးကို ကျောင်းသွားကြိုနေချိန်မှာ ဒီလူသတ်မှုက ဖြစ်သွားတာလို့ သိရတယ်”ဟု အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဩဂုတ်လ ၂၁ ရက် ညပိုင်းထိ ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်ကို သတင်းရရှိခြင်း မရှိသေးကြောင်းနှင့် လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြထားမှုအချို့နှင့် သတင်းမီဒီယာများ၏ မေးမြန်းချက်တို့ကြောင့် လေးလောင်းပြိုင် လူသတ်မှုကို သိရှိခဲ့ရပြီး ရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်တိုင်ကြားလာခဲ့ပါက သတင်းဖြစ်စဉ်အသေးစိတ်ကို ဖြေကြားပေးမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးစန်းဝင်းက ပြောဆိုသည်။ 

S-03,M-04