News

POST TYPE

NEWS

ကျောက်စိမ်းစေတီပရိဝုဏ် ပလတ်စတစ်ကင်းမဲ့ဇုန်ဖြစ်ရန် ပြင်ဆင်
21-Aug-2018
မန္တလေး၊ ဩဂုတ် ၂၁

မန္တလေးမြို့တော်ရှိ ကမ္ဘာ့ပထမဦးဆုံးသော ဝေရောစနကျောက်စိမ်း စေတီတော်မြတ်ကြီးပရိဝုဏ်ကို ကင်းစင်ဇုန်အဖြစ် အကောင်အထည်ဖော်ရန် ယင်းစေတီတော်ဂေါပကအဖွဲ့က ပြင်ဆင်နေပြီဖြစ်သည်။ 

ကျောက်စိမ်းစေတီသည် မြန်မာနိုင်ငံ၏ အထင်ကရ နေရာများအနက် တစ်ခုပါဝင်သောကြောင့် လာရောက်သူတိုင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာရှိစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကျောက်စိမ်းစေတီဂေါပက အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

“မန္တလေးမြို့မှာ စံနမူနာပြအနေနဲ့ လုပ်သွားမှာပါ။ အရင်ကတည်းက ဘုရားပတ်ဝန်းကျင်မှာ ပလတ်စတစ်မသုံးရ ဆိုတဲ့ ကန့်သတ်ချက် ရှိပြီးသားပါ။ အသိပညာပေး လှုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ် မယ်”ဟု ၎င်းက ပြောဆိုသည်။

ပထမအဆင့်အနေနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ဘုရား ဂေါပကအဖွဲ့နှင့် ဝန်ထမ်းများအပြင် ဒေသခံများနှင့်ပူးပေါင်း၍ ဩဂုတ်လ ၂၃ ရက်နေ့တွင် အသိပညာပေး ဟောပြောပွဲ ကျင်းပကာ ဘုရားပရိဝုဏ်အတွင်းနှင့် အပြင်တို့၌ စုပေါင်း အမှိုက်ကောက် လှုပ်ရှားမှု စတင် ဆောင်ရွက်ကြမည်ဟု ယင်းဂေါပကအဖွဲ့ထံမှ သိရသည်။

စေတီတော်အတွင်းရှိ ဈေးဆိုင်ခန်းများတွင် ပလတ်စတစ်နှင့် ဖော့ဘူးများအစား ငှက်ပျောဖက်နှင့် အင်ဖက်များကို အသုံးပြုရန် ပညာပေးစည်းရုံးမည့်အပြင် အပတ်စဉ် လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များလည်း စိုက်ထူမည်ဟု ဦးမောင်မောင်ဦးက ထပ်မံပြောဆိုသည်။

“ကျွန်တော်တို့အပိုင်းက ပညာပေးလုပ်ငန်းတွေပဲ ဆောင်ရွက်သွားမယ်။ နှုတ်နဲ့လည်း ပြောမယ်”ဟု ၎င်းက ရှင်းပြသည်။

မန္တလေးမြို့ရှိ အေးအေးခိုင် ကျောက်စိမ်းကုမ္ပဏီက လှူဒါန်းထားသည့် ဝေရောစန ကျောက်စိမ်းစေတီတော်သည် အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာအုပ်စု မြစ်ငယ်-စစ်ကိုင်း လမ်းအနီးတွင်ရှိပြီး မြေငါးဧကပေါ်တွင် တည်ထားခြင်းဖြစ်သည်။