News

POST TYPE

NEWS

အရက်သောက်ပြီး ဆန်းရှိတ်အမိုးပေါ် တက်အိပ်သူ ပြုတ်ကျသေဆုံး
21-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၀ 

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်း၊ ပိတောက်လမ်းရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တစ်ခုတွင် ဩဂုတ်လ ၁၉ ရက် နံနက် ၅ နာရီခွဲခန့်က အရက်သေစာသောက်စားပြီး ဆန်းရှိတ်အမိုးပေါ်တက်အိပ်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

ဟင်္သာတမြို့နယ်၊ သရက်အုပ်စု၊ သဇင်အင်းကုန်းရွာမှ လာရောက်အလုပ်လုပ်ကိုင်သူ ဦးအာကာစိုးသည် ဩဂုတ်လ ၁၈ ရက် ည ၁၂ နာရီခွဲခန့်က အရက်သေစာသောက်စားပြီး ဂိတ်အပြင်ဘက်ရှေ့ မျက်နှာစာရှိ အကျယ် ၄ ပေခန့်ရှိသော ဆန်းရှိတ်အမိုးပေါ်တက်အိပ်ခဲ့ရာ နံနက် ၅ နာရီခွဲခန့်၌ အောက်ရှိ အမြင့် ၉ ပေ ခန့်ရှိသော သမံတလင်းပြင်ပေါ် ပြုတ်ကျခဲ့ရာ ဆေးရုံသို့တင်ပို့ကုသရန်စီစဉ်နေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူ့ဂိတ်မှူးကနေ စတွေ့ခဲ့တာပါ။ ပြုတ်ကျသံကြားလိုက်လို့ သံပန်းဖွင့်ကြည့်တော့ သတိလစ်မေ့နေတာကို တွေ့ရတာ၊ အဲဒါနဲ့ နှိုးကြည့်တော့မရတာနဲ့ ဆေးရုံပို့လုပ်နေတုန်း သေသွားတာတဲ့၊ အလောင်းကို စစ်ဆေးကြည့်တော့ နှာခေါင်းနဲ့ ပါးစပ်တွေက သွေးထွက်နေတာတွေ့ရတယ်။ တခြားပြင်ပဒဏ်ရာတော့မတွေ့ရဘူး၊ သေနေတဲ့ အလောင်းကတော့ ပက်လက်အနေအထားတွေ့ရတာပါ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းပြုတ်ကျသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်သိရှိနိုင်ရန် ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးမှ PR-14 ဖြင့်လက်ခံစစ်ဆေးနေရာ ဘုရင့်နောင်နယ်မြေရဲစခန်းက သေမှုသေမှုသေခင်း အမှတ်စဉ် ၁၈/၁၈ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တွင် အမြင့်မှပြုတ်ကျသေဆုံးသူ ၆၀ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ အမြင့်မှ ပြုတ်ကျသေဆုံးသူ ၄၀ ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။ 

J-16