News

POST TYPE

NEWS

ပြည်ကြီးတံခွန်တွင် နေအိမ်သုံးလုံးကို စည်ပင်က အင်အားသုံးဖယ်ရှား
21-Aug-2018



မန္တလေး၊ ဩဂုတ် ၂၀

ပြည်ကြီးတံခွန်မြို့နယ် စည်ပင်သာယာရေးပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ တရားရင်ဆိုင်ခဲ့ရပြီး ထောင်ကျသွားခဲ့သူတို့၏ နေအိမ်သုံးလုံးကို စည်ပင်တာဝန်ရှိသူများက ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အင်အားသုံးကာ ဖယ်ရှားရှင်းလင်းခဲ့သည်။ 

အဆိုပါ အငြင်းပွားမြေသည် ၁၉၉၂ ခုနှစ်တွင် မြို့တော်စည်ပင်သာယာ ရေးကော်မတီက မြို့သစ်ထူထောင်ရေး စီမံကိန်းအတွက် ဦးစိုးဦးထံမှ မြေ ၁၃ ဧက သိမ်းယူခဲ့ပြီး ဆယ်ဧကခန့်ကို စီမံကိန်း အကောင်အထည်ဖော်ခဲ့သော်လည်း သုံးဧကမှာလွတ်လပ်နေသည့်အတွက် ဦးစိုးဦးတို့က ဝင်ရောက်နေထိုင်နိုင်ရေး အဆောက်အအုံဝင်ဆောက်ရာ စည်ပင်သာယာရေး ကော်မတီနှင့် အငြင်းပွားနေသော မြေဖြစ်သည်။ 

ယင်းသို့အငြင်းပွားနေရာတွင် ဦးစိုးဦးတို့က နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် တိုင်းအစိုးရအဖွဲ့တို့ထံစာတင်ပြကာ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သေးပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက အဆောက်အအုံဝင်ရောက်ဆောက်လုပ်ခဲ့စဉ် ဈေးတာဝန်ခံ ဦးလကျာ်တို့လင်မယားနှင့်လည်း စကားများခဲ့ကြသေးသည်။ 

“ကျွန်မတို့က မြို့နယ်မှာ အမှုရှုံးထားတယ်။ ယောကျာ်းတွေ ထောင်နှစ်လ စီချခံရပါတယ်။ အထက်ရုံးအဆင့်ဆင့်ကို တက်ထားတုန်းပါ။ နိုင်ငံတော်အစိုးရကလည်း စီမံကိန်းအကောင်အထည်မဖော်တဲ့ မြေတွေကို မူလပိုင်ရှင်ဆီ ပြန်ပေးမယ်ဆိုလို့ စောင့်နေတာပါ”ဟု အိမ်ရှင် ဒေါ်မိုးမိုးနိုင်က ပြောကြားသည်။ 

ယခုကဲ့သို့ နေအိမ်များကို ဖျက်သိမ်းလိုက်သောကြောင့် အိမ်ရှင်များအနေနှင့် နေစရာမရှိပါက ကမ်းနားလမ်း အငှားအိမ်ရာတွင် ယာယီနေရာချထားပေးမည်ဖြစ်ကြောင်း စည်ပင်တာဝန်ရှိသူများက ပြောကြားသည်။ 

M-04