News

POST TYPE

NEWS

လှည်းတန်းခုံးအောက် တောင်းရမ်းစေခိုင်းသူ အမျိုးသမီးများကို ထောင် ၆ လချ
21-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၀

ကမာရွတ်မြို့နယ် ပြည်လမ်းရှိ လှည်းတန်းခုံးကျော်တံတားအနီး၌ ကလေးသူငယ်များကို တောင်းရမ်းရန် နောက်ကွယ်မှစေခိုင်းသူ အမျိုးသမီးသုံးဦးကို ၁၉၃၃ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ကြောင်း အဆိုပါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောကြားသည်။

ယင်းအမျိုးသမီး သုံးဦးကို ဖမ်းဆီးပြီးနောက် ကမာရွတ်မြို့နယ်တရားရုံးသို့ တရားစွဲတင်စစ်ဆေးကာ ဩဂုတ်လ ၁၇ ရက်က အထက်ပါအတိုင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေအရ စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အချက်အလက်များကို ပြင်ဆင်ရေးဆွဲထားပြီး ပြစ်မှု၊ ပြစ်ဒဏ်များ တိုးမြှင့်ကာ ကိုယ်ကျိုးစီးပွားအတွက် တောင်းရမ်းရန်စေခိုင်းသည့် မည်သူမဆို ထောင်ဒဏ် ၅ နှစ်နှင့် ဒဏ်ငွေ ၁၅ သိန်းအထိ ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးပါက ယင်းဥပဒေမှာ စတင်အသက်ဝင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။

“အဲ့ဒီလို ပြစ်ဒဏ်တိုးမှ မလုပ်ရဲမှာ၊ ကလေးတွေလည်း သက်သာမယ်။ ဥပဒေ အသက်ဝင်အောင် ပြည်သူကို အသိပညာ များများပေးနိုင်ဖို့ လိုတယ်။ လှည်းတန်း ဖြစ်စဉ်ဆို ယခင် ၁၉၉၃ ဥပဒေ ပုဒ်မ ၆၆ (ဂ) နဲ့ တရားစွဲတာဆိုတော့ ပြစ်ဒဏ်ပိုင်းက လျော့တာပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးဆန်းဝင်းတင့်က မှတ်ချက်ပြုသည်။

လက်ရှိတွင် လှည်းတန်းခုံးကျော်တံတားအနီး၌ ဖမ်းမိခဲ့သော အခြေအနေမဲ့ လုပ်ကိုင်စားသောက်နေသူ ကျား ၂၄ ဦး၊ မ ၂၂ ဦးအနက်မှ အသက် ၁၆ နှစ်အောက် ကလေးငယ်များကို ကျား/မခွဲကာ လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်း နှစ်ကျောင်းသို့ ပို့ဆောင်၍ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရန်ကုန်တိုင်းလူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာကေသီကျော်က ဆိုသည်။ 

J-17


  • VIA