News

POST TYPE

NEWS

ဘူတာကြီး၌ ခြိမ်းခြောက်ငွေတောင်းသူ ခြောက်ဦးကို ရထားဥပဒေအပြင် ရာဇသတ်ကြီးပုဒ်မများနှင့် အမှုဖွင့်
21-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၀

ရန်ကုန်ဘူတာကြီးတွင် မြစ်ကြီးနားမှ ရန်ကုန်ဘူတာသို့ ရထားစီးနင်းလာသူ ခရီးသည်အမျိုးသမီးထံမှ အုပ်စုဖွဲ့ကာ အထုပ်အပိုးသယ်ခ အဆမတန်ခြိမ်းခြောက် တောင်းခံသော ကျပန်းအလုပ်သမား ခြောက်ဦးကိုရထားဥပဒေနှင့် ရာဇသတ်ကြီးပုဒ်မများနှင့် အမှုဖွင့်ထားကြောင်း ရန်ကုန်ဘူတာကြီး မြန်မာ့မီးရထား၊ တိုင်း-၇ မှ တာဝန်ရှိသူက ပြောကြားသည်။

ဖြစ်စဉ်တွင် ပါဝင်သူ ခြောက်ဦးကို ရထားရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ဩဂုတ်လ ၁၉ ရက်က ငါးဦးကို ဖမ်းမိခဲ့ပြီး ဩဂုတ်လ ၂၀ ရက်က ခြောက်ဦးမြောက်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရထားဥပဒေပုဒ်မ ၈၈-က၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၆၊ ပုဒ်မ ၂၁၄ တို့ဖြင့် အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မနေ့က ငါးဦးအထိပဲ မိထားတာ။ ဒီနေ့ နောက်ဆုံးတစ်ယောက်ကို ထပ်မိတယ်။ နောက် သူတို့ကို ပုဒ်မ ၈၈နဲ့ အရေးယူတာကနေ ခြိမ်းခြောက်တာတွေပါလို့ နောက်ထပ်ပုဒ်မနှစ်ခု ထပ်တိုးအရေးယူမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ဩဂုတ်လ ၁၈ ရက်က Htoo Htet Htet Aung account မှ “ရန်ကုန်မြို့လယ်ကောင်ကြီးမှာ ဓားပြတိုက်ခံရပါတယ်”ခေါင်းစဉ်ဖြင့် ခရီးသည်အမျိုးသမီးနှစ်ဦးကို ရန်ကုန်ဘူတာကြီးဝန်ထမ်းမဟုတ်သော “ဂမ်ဘား” အမျိုးသားခြောက်ဦးက ပစ္စည်းသယ်ခ ကျပ် ၁၇,၀၀၀ ကို အတင်းအကျပ် ခြိမ်းခြောက်ကာ ငွေတောင်းခံခဲ့ကြောင်း post ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

“သူတို့က ဝန်ထမ်းတွေ မဟုတ်ဘူး၊ အရပ်ခေါ် ဂမ်ဘားလို့ခေါ်တဲ့ ကြုံရာအလုပ်သမားတွေပါ။ ပြည်တွင်း ကုန်တင်၊ ကုန်ချအဖွဲ့က ဝန်ထမ်းတွေ မဟုတ်ဘူး။ လုံခြုံရေးရဲတွေ မရှိတဲ့အချိန်မှာ အခုလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး။ နောက်ထပ်မဖြစ်အောင် ကင်းလှည့်အဖွဲ့နဲ့ စစ်ဆေးသွားမှာဖြစ်တယ်”ဟု တိုင်း-၇ မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဘူတာကြီးတွင် ခရီးသည်များ၏ ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးရန် တွန်းလှည်းဖြင့် ပို့ဆောင်ခြင်းလုပ်ငန်းကို ပြည်တွင်း ကုန်တင်၊ ကုန်ချအဖွဲ့ကို တာဝန်ပေးအပ်ထားခြင်းဖြစ်ပြီး တွန်းလှည်း ၁၀ စီးကိုလည်း ပေးထားခြင်းဖြစ်ကာ တရားဝင် တွန်းလှည်းအလုပ်သမား ၁၀၀ ဦးခန့် ရှိကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါဖြစ်ရပ်မျိုး နောင်မဖြစ်စေရန် ဘူတာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ရထားရဲတပ်ဖွဲ့တို့က တွန်းလှည်းအလုပ်သမားများ စည်းကမ်းလိုက်နာမှု ရှိ/မရှိ၊ သတ်မှတ်ထားသည့်နှုန်းထားအတိုင်း တောင်းခံခြင်း ရှိ၊ မရှိ နေ့စဉ်စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး အလုပ်သမားခနှုန်းထား ရေးသားထားသည့်ဗီနိုင်းကို အသိပေးကြေညာခြင်း၊ ပြည်တွင်း ကုန်တင်/ချ အဖွဲ့၏ အလုပ်သမားများ ယူနီဖောင်းဝတ်ဆင်ရန်နှင့် အလုပ်သမားများတာဝန်ချိန်တွင် လည်ဆွဲကတ်ဆွဲရန်တို့ကို စည်းကမ်းတင်းကျပ်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

လက်ရှိ တရားဝင်တွန်းလှည်းတစ်စီးတွင် အလုပ်သမားခနှုန်းထားများမှာ ဆင်ဝင်အောက်မှ (၁) စင်္ကြံကို ကျပ် ၇၀၀၊ ဆင်ဝင်အောက်မှ (၂/၃)စင်္ကြံကို ကျပ် ၁၀၀၀၊ ဆင်ဝင်အောက်မှ (၄/၅) စင်္ကြံကို ကျပ် ၁၂၀၀၊ ဆင်ဝင်အောက်မှ (၆/၇) စင်္ကြံကို ကျပ် ၁၅၀၀ ဖြစ်သည်။

“စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စင်္ကြံ ၁ ကနေ ၇ အထိကို ပတ်နေမှာပါ။ လုံခြုံရေးလည်း ချထားပါတယ်။ စစ်တဲ့အထဲမှာ ရထားရဲလည်း ပါမှာပါ”ဟု ရန်ကုန်ဘူတာကြီး၊ တိုင်း-၇ မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ခြိမ်းခြောက်ငွေတောင်းခံသည့် ဂမ်ဘားအလုပ်သမားခြောက်ဦးကို ရထားဥပဒေပုဒ်မ ၈၈(က) အရ ဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်တစ်သိန်းဖြစ်စေ၊ ထောင်ဒဏ်သုံးလဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်ပြီး ရာဇသတ်ကြီးပုဒ်မဖြစ်သည့် ခြိမ်းခြောက်ခြင်းပုဒ်မ ၃၈၆ အရ ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ပူးတွဲချမှတ်နိုင်ကာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ပုဒ်မ ၂၁၄ အရ ထောင်ဒဏ်သုံးနှစ်မှခုနစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ကိုလည်း ပူးတွဲချမှတ်နိုင်သည်။

J-06