News

POST TYPE

NEWS

အိုးအိမ်နှင့် ကျန်းမာရေး စောင့်ရှောက်မှုသည် စင်ကာပူအတွက် အခြေခံအကျဆုံး ဦးစားပေးဖြစ်ဟု လီရှန်လွန်းပြောကြား
20-Aug-2018 tagged as စင်ကာပူ


စင်ကာပူ၊ ဩဂုတ် ၂၀ 

စင်ကာပူနိုင်ငံသားများအတွက် ပြည်သူ့အိုးအိမ်နှင့် ကျန်းမာရေးစနစ် အထူးတိုးတက်ကောင်းမွန်ရေးအတွက် မိမိတို့အစိုးရက ရည်မှန်းချက်ကြီးစွာ ထားရှိကာ ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ဝန်ကြီးချုပ်လီရှန်လွန်းက အမျိုးသားနေ့ ချီတက်ပွဲအခမ်းအနား မိန့်ခွန်းတွင် အသိပေးပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။

ဝင်ငွေနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စင်ကာပူနိုင်ငံသားတိုင်း ပြည်သူ့အိုးအိမ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကောင်းများရရှိရေးဟူသည် စင်ကာပူအစိုးရ၏ အခြေခံအကျဆုံးသော ဆုံးဖြတ်ချက်ပင်ဖြစ်သည်ဟု ဝန်ကြီးချုပ် လီရှန်လွန်းက ဆိုသည်။

စင်ကာပူနိုင်ငံတွင် လတ်တလော နှစ်များအတွင်း အိုးအိမ်စရိတ်စက၊ ပညာရေးစရိတ်စကနှင့် ကျန်းမာရေးစရိတ်တို့ကြောင့် အထွေထွေ လူနေထိုင်မှုစရိတ် မြင့်တက်လျက်ရှိစဉ် ဝန်ကြီးချုပ်လီရှန်လွန်းက ယင်းသို့ ထုတ်ဖော်ပြောကြားခြင်းလည်း ဖြစ်သည်။

“အိုးအိမ်တိုက်ခန်း၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စတဲ့နယ်ပယ် သုံးခုကို ကျွန်တော်တို့အစိုးရက အဓိက အလေးပေး အာရုံစိုက်နေပါတယ်။ ခင်ဗျားတို့တစ်တွေ အဲဒီစရိတ်စကတွေကို ပေးဆောင်နိုင်ဖို့ ကျွန်တော်တို့က တစ်ခုမကျန် အစွမ်းကုန်ကြိုးပမ်းသွားမှာပါ”ဟု ၎င်းကဆိုသည်။

ပညာရေးတွင် အထူးသဖြင့် ကျောင်းကြိုပညာရေးစနစ်ကိစ္စကိုလည်း အိုးအိမ် တိုက်ခန်း၊ ကျန်းမာရေးစောင့်ရှောက်မှုတို့နှင့်အတူ အလေးပေးမည်ဖြစ်သည်ဟု ဝန်ကြီးချုပ် လီရှန်လွန်းက ယခုနှစ်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် ပြည်သူလူထု ကျန်းမာရေးထောက်ပံ့မှု အစီအစဉ် (CHAS) ကို နာတာရှည် ဝေဒနာခံစားနေရသည့် စင်ကာပူနိုင်ငံသားများအားလုံး(ဝင်ငွေ နည်းသည်၊ များသည်ဖြစ်စေ) ဆက်လက် အကျိုးခံစားခွင့်ရှိစေရမည်ဟု အသိပေး ပြောဆိုသည်။

“CHAS ဟာ အင်မတန်အလုပ် ဖြစ်ခဲ့တဲ့ အစီအစဉ်ပါ”ဟုဆိုပြီး ဆီးချို၊ သွေးတိုး၊ ကိုလက်စထရောမြင့်မားမှု စသည့် နာတာရှည်ရောဂါများ ဖြစ်ပေါ်နေသူများအတွက် ကောင်းစွာ ထောက်ပံ့ပေးနိုင်သည်ဟု ပြောကြားသည်။ ထို့ပြင် စင်ကာပူမြို့ (နိုင်ငံ) တစ်လွှား ဆေးရုံ၊ ဆေးခန်းများ ပိုမို တည်ဆောက်ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်ဟုဆိုသည်။

“အဲဒီတော့ ကျွန်တော်တို့တစ်တွေ ငွေကြေးအရလည် မပူပန်ရ၊ သွားရလာရလည်း လွယ်ကူတဲ့ ကျန်းမာရေးစောင့်ရှောက်ရေးစင်တာတွေကို ပိုမိုဖွင့်လှစ်လာနိုင်မှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါမိန့်ခွန်းတွင် လီရှန်လွန်းက စင်ကာပူနိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ခဲ့သည့် မျိုးဆက်များကို အသိအမှတ်ပြု အောက်မေ့ဖွယ်အဖြစ် ပြောဆိုသည်။

မာဒီကာမျိုးဆက်ဟု စင်ကာပူတွင် လူသိများသော ယင်းမျိုးဆက်ဦးရေမှာ ငါးသိန်းခန့်ရှိသည်။

မာဒီကာမျိုးဆက်မှာ ၁၉၅၀ ပြည့်နှစ် များတွင် မွေးဖွားခဲ့သူများကို ဆိုလိုခြင်း ဖြစ်သည်။

F-01