News

POST TYPE

NEWS

ငဲ့စောင်းကြည့်သင့်ချိန်တန်လာတဲ့ အောက်ခြေက ရဲဝန်ထမ်းငယ်တွေရဲ့ ဘဝ
20-Aug-2018
သြဂုတ်လ ၁၆ ရက်နေ့ ည ၉ နာရီက မကွေးမြို့မှာ အရပ်သား အမူးသမားလေးဦးက ရဲသုံးဦးကို ထိုးကြိတ်ကန်ကျောက်ခဲ့ကြတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာထက်မှာ အတော်ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကို ကြည့်ကြရသူ ပြည်သူအတော်များများဟာ ရဲတွေဘက်ကနေပြီး မချိတင်ကဲ အလွန်ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။ ရဲတွေဘက်ကနေဝင်ကြည့်ပြီး ကရုဏာဒေါသောနဲ့ အခံရခက်တဲ့ ပြောဆိုဝေဖန်မှုတွေလည်း ခပ်များများမြင်ရသလို ရဲတွေက နံပါတ်တုတ်တွေ ကိုင်ထားပြီး ဘာဖြစ်လို့ ပြန်မလုပ်ရတာလဲ၊ ဘာမှသင်မထားဘူးလား၊ အခြားဘာလက်နက်မှ မပေးထားဘူးလား ဆိုတဲ့မေးခွန်းတွေလည်း မေးကြတာ တွေ့ခဲ့ရပါတယ်။ အမှန်တော့ ဒီကိစ္စဟာ မကွေးမြို့ သင်္ခါရပ်ကွက်ထဲက စားသောက်ဆိုင်အနားမှာ အမည်မသိလူတစ်စု မူးယစ်ရမ်းကားနေတယ်လို့ မကွေးမြို့မရဲစခန်းကို တိုင်တန်းလာတာကြောင့် တာဝန်ကျရဲအုပ် တစ်ဦးနဲ့ ရဲတပ်သားနှစ်ဦးတို့ဟာ အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့ရာက ထိုသူတွေကို အိမ်ကိုကောင်းကောင်း မွန်မွန်ပြန်ဖို့ပြောဆိုရာ လက်မခံဘဲ ပြန်လည်ထိုးကြိတ် တိုက်ခိုက်ခံခဲ့ကြရတာ ဖြစ်ပါတယ်။ အမူးသမားတွေရဲ့ ထိုးကြိတ်ကန်ကျောက်မှုကြောင့် ရဲအုပ်ဟာ ဘယ်ဘက်မျက်ခုံးပြတ်ရှ၊ ဘယ်လက်မျက်ခွံပြတ်ရှ၊ ဘယ်ဘက်ပါး ဖူးရောင်ဒဏ်ရာရရှိကာ မကွေးဆေးရုံကို အတွင်းလူနာအဖြစ် တင်ပို့ကုသမှုခံယူရတဲ့အထိ ဖြစ်သွားခဲ့ရသလို ရဲတပ်သားနှစ်ဦးကိုလည်း ဝိုင်းထိုးကြိတ်ကြတဲ့အခါ အနီးဆိုင်ထဲက ပြည်သူတွေကို အကူအညီတောင်းခဲ့တာကြောင့် အနည်းငယ်ပဲ ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာတော့ အမူးသမားလေးဦးထဲက နှစ်ဦးကို ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၃၃ နဲ့ မကွေးရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

တကယ်တော့ ရဲတွေအနေနဲ့ ဘာမှပြန်မလုပ်ဘူးဆိုတာ သူတို့ဘက်ကနေဝင်ကြည့်ရင် အကြောင်းကြောင်းတွေရှိပါတယ်။ သူတို့မှာ တာဝန်အရသာ တားမြစ်ရ၊ ဖမ်းဆီးရတယ်ဆိုပေမယ့် တစ်ဖက်က ပြည်သူတွေအနေနဲ့ သူတို့ကို ဒီလိုတော့ပြန်မလုပ်လောက်ဘူးလို့ တွေးကောင်းတွေးထားမိမှာဖြစ်သလို သူတို့လုပ်လို့ ပြန်လုပ်ကြရင်လည်း နောက်ဆုံးတော့ သူတို့မှာလည်း အပြစ်မကင်းကြသလို နောက်ဆက်တွဲ အရေးယူခံကြရမယ့်အဖြစ်တွေကလည်း သူတို့နောက်မှာ ရှိနေနိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့နောက်မှာရှိတဲ့ သူတို့မိသားစုတွေကိုလည်း ငဲ့ညှာရတာမျိုးလည်းရှိပါတယ်။ အမှန်ဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့အောက်မှာရှိတဲ့ ဌာနတွေအထဲမှာ ပြည်သူနဲ့အများ ဆုံးထိတွေ့ဆက်ဆံရတဲ့ဌာနကတော့ မြို့ကြီးမြို့ငယ်တိုင်းလိုလိုမှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းက ရဲဝန်ထမ်းတွေပဲဖြစ်ကြပါတယ်။ သူတို့ရဲ့ အဓိက တာဝန်က တရားဥပဒေစိုးမိုးရေးကို အထူးကိစ္စအနေနဲ့ဆောင်ရွက်ကြရသလို ရာဇဝတ်မှု ရဲအရေးယူပိုင်ခွင့်ရှိတဲ့ အမှုမှန်သမျှ ဖမ်းဆီးစစ်ဆေးပြီး အမှုတွဲပြင်ဆင်လို့ ဥပဒေအကြံပြုချက်တောင်းခံပြီး တရားခံတွေကို တရားရုံးကို တရားစွဲဆိုတင်ပို့ကြရလေ့ရှိပါတယ်။ ဒါ့အပြင် အခုလိုရပ်ကွက်၊ မြို့ရွာ အတွင်းမှာလည်း ဆူပူမှုမဖြစ်အောင် အေးချမ်းအောင် သူခိုးဓားပြတွေ ရန်ကလွတ်ကင်းအောင်လည်း ပြည်သူအများအိပ်နေချိန်မှာ လှည့်ကင်းလှည့်ပြီးစစ်ဆေးကြရသလို အခုလို အရေးပေါ်ကိစ္စတွေအတွက် တိုင်တန်းချက်ရတဲ့အခါမှာလည်း သွားရောက်ထိန်းသိမ်းပေးကြရတာတွေလည်း ရှိတာ အားလုံးလည်း သိကြတဲ့အခြေအနေပါ။ သူတို့ရဲ့အဓိကတာဝန်က သူတို့တာဝန်ယူထားရတဲ့နယ်မြေတွေ အေးချမ်းသာယာရေးပဲ ဖြစ်ပါတယ်။

ဒါဆိုရင် သူတို့ရဲ့ဆောင်ရွက်ချက်လုပ်ငန်းတွေက ကောင်းပြီး သူတို့ကို အခုလို ဘာလို့ပြန်လည်ရန်ပြုကြရတာလဲဆိုတဲ့အမေးက ရှိလာပါတယ်။ ဒီလိုရဲတွေက အမူးသမားတွေ၊ တရားခံပြေးတွေ၊ မူးယစ်တရားခံတွေကို သွားရောက်ဖမ်းဆီးထိန်းသိမ်းကြစဉ်မှာ ပြန်လည်ရန်ပြုတိုက်ခိုက်သတ်ဖြတ်ကြတဲ့ဖြစ်စဉ်တွေဟာ အရင်နှစ်နှစ်လောက်ကစခဲ့တာ သိပြီးဖြစ်ကြမှာပါ။ တရားခံပြေးတစ်ယောက်ကိုသွားဖမ်းရင်း ရဲအုပ်နဲ့ ရဲဒုတပ်ကြပ်နှစ်ဦးတို့ အသတ်ခံခဲ့ရတာ၊ မူးယစ်တရားခံကို ရုပ်ရှင်ဆန်ဆန်လိုက်ဖမ်းရင်း ဟိုကပြန်ပစ်လိုက်လို့ ရဲတစ်ယောက်သေဆုံးသွားရတာ၊ နောက်လှည့်ကင်းလှည့်ရင်း အိမ်ပြန်ဖို့ပြောတဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးကို နောက်ကနေ လိုက်လာပြီး ကားနဲ့တိုက်သတ်သွားခဲ့တာတွေကိုလည်း ကြားသိခဲ့ပြီးဖြစ်ကြမှာပါပဲ။ ဒါ့အပြင် ဒီနှစ်ပိုင်းတွေမှာဆိုရင်လည်း ယခင်လနဲ့ရက်ပိုင်းတွေက တရားခံသွားဖမ်းတဲ့ရဲတွေကို ဓားနဲ့ပြန်လည်ခုခံခုတ်ကြတာ၊ နောက် တရားမဝင်သေနတ်တွေကိုင်ဆောင်လာပြီး လက်နက်နဲ့ ပြန်လည်ခုခံပစ်ခတ်ကြတဲ့သတင်းတွေလည်း ဖတ်ခဲ့ရပါတယ်။ အမှန်ဆိုရင် ရဲတွေကို အခုလို ပြန်လည်ပစ်ခတ်၊ တိုက်ခိုက်၊ ထိုးကြိတ်တာကို ကျွန်တော်တို့လို ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတွေအနေနဲ့လည်း လုံးဝကိုဆန့်ကျင်သလို ထိုသူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ချမှတ်စေချင်တဲ့ဆန္ဒ ရှိပါတယ်။

ဒီအတွက်ပဲ အပေါ်ကဆိုခဲ့တဲ့ရဲတွေကို တရားခံတွေ၊ အမူးသမားတွေ၊ မူးယစ်ရောင်းဝယ်သူတွေက ဘာလို့ပြန်လည်ပစ်ခတ်ခုခံကြတဲ့အထိဖြစ် လာကြရတာလဲ၊ အခု မကွေးကဖြစ်စဉ်လို သာမန်အမူးသမားတွေကို အိမ်ပြန်ဖို့ ပြောတာကိုပင် ဘာလို့ဒီလောက်အထိ ပြန်လည်ထိုးကြိတ်ကန်ကျောက်ကြရတာလဲဆိုတာကို ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း သုံးသပ်ဆွေးနွေး သွားကြရအောင်ပါ။ အမှန်တော့ ဒီကနေ့ မြန်မာနိုင်ငံရဲ့ မြို့ငယ်တိုင်းလိုလို မှာရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတွေက ရဲတွေဆိုတာ ဥပဒေကိုလေး စားလိုက်နာကြတဲ့ပြည်သူတွေကတော့ ကြောက်စရာမလိုသလို ဥပဒေကို ဖောက်ဖျက်ကြသူတွေအနေနဲ့တော့ ကြောက်ကြရမှာပါ။ ဒါပေမဲ့ အခုတော့ အဲ့ဒီ ဥပဒေကိုဖောက်ဖျက်ကြတဲ့သူတွေက မကြောက်ကြတော့ဘူး။ မကြောက်တဲ့အပြင် သူတို့ကိုလာဖမ်းရင်တောင် ပြန်လည်တိုက်ခိုက်ခုခံကြတာ။ ဒါဆိုရင် ဘာဖြစ်လို့ပါလဲ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ အဖြေကိုရှာကြည့်ကြရအောင်ပါ။ ဒီအတွက် အဖြေကိုရှာကြည့်တဲ့အခါ အစိုးရမကောင်းလို့ဆိုတဲ့ အဖြေကိုပဲ အလွယ်ပေးကြရမှာ သွားတွေ့ရမှာပါပဲ။ ဘာဖြစ်လို့လဲ။ အစိုးရနဲ့ ဘာဆိုင်လို့လဲလို့ မေးစရာရှိလာမှာပါ။ 

မှန်ပါတယ်။ အမှန်တော့ ဒါဟာ ခေတ်အဆက်ဆက် အုပ်ချုပ်သူအစိုးရတွေရဲ့ နိုင်ငံ့ဝန်ထမ်းတွေ ခံစားသင့်ခံစားထိုက်တဲ့အပေါ် စနစ်တကျ စီမံခန့်ခွဲမှုအားနည်းခဲ့တဲ့ အချက်ထဲက တစ်ခုပါဝင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ အခြားနိုင်ငံတွေမတူတဲ့အချက်ကတော့ ဝန်ကြီးဌာနတွေပဲဖြစ်ဖြစ်၊ ရဲတွေပဲဖြစ်ဖြစ်၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေပဲဖြစ်ဖြစ် သူတို့ရဲ့မိသားစုတွေကို စခန်းအတွင်းထဲမှာပဲ လိုင်းခန်းတွေပေးပြီးထားတဲ့အချက်ပါ။ တပ်ထဲဖြစ်ဖြစ်၊ ရဲစခန်းထဲဖြစ်ဖြစ်၊ အချို့ဝန်ကြီးဌာနတွေက အချို့ဌာနတွေဖြစ်ဖြစ် မိသားစုတွေနဲ့အတူထားတဲ့အခါ သားရေးသမီးရေးကအစ သာရေးနာရေးအဆုံး စားဝတ်နေရေးကိစ္စတွေရှိလာပါတယ်။ နိုင်ငံတော်ကပေးတဲ့ လစာကတော့ ဝန်ထမ်းတစ်ဦးအတွက်သာဖြစ်ပြီး ဒီကနေ့ပေးထားတဲ့လစာကိုကြည့်ရင် ဝန်ထမ်းတစ်ဦးတည်းသာ စားသောက်နေထိုင်လို့ရနိုင်တဲ့အခြေအနေပါ။

ဒါဆိုရင် ကျန်တဲ့မိသားစုနဲ့ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ သာရေးနာရေးတွေကိုရော ဘယ်လိုလုပ်ကြသလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒီအတွက် ဝန်ထမ်းတွေက စီးပွားရှာကြရပါတယ်။ တပ်တွေဆိုရင် တပ်ပိုင်လယ်တွေလုပ်၊ တပ်ပိုင်စီးပွားရေးတွေလုပ်ပြီး မိသားစုနဲ့ ကလေးတွေရဲ့ စားသောက်ရေးကအစ တာဝန်ယူပေးကြရသလို ရဲတွေဆိုရင်တော့ ပိုဆိုးတာပေါ့။ သူ့အနေနဲ့ကတော့ စခန်းလေးကကျဉ်းကျဉ်းမို့ လယ် လည်းစိုက်မရ၊ မွေးမြူရေးလည်းလုပ်မရ။ ဝန်ထမ်းမို့ တာဝန်ချိန် အပြင်ထွက်ပြီးလည်း စီးပွားရှာမရ။ ဒီတော့ မြို့ရွာထဲအတွင်း တာဝန်ကျရာဒေသမှာပဲ အရှာအဖွေလေးတွေထွက်ကြရတယ်။ ဒီလိုရှာဖွေကြရတဲ့အခါမှာလည်း အထက်မှာပြောသလို ဥပဒေဘောင်အတွင်းက လုပ်ကိုင်နေသူတွေထံကတော့ သွားရှာလို့မရကြတာမို့ ဥပဒေမဲ့ စီးပွားရှာနေကြသူတွေထံကပဲ ရှာဖွေပြီး ရုံးကိုလည်း ရုံးစရိတ်၊ အထက်ကိုလည်း အထက်စရိတ် ပြန်လည်ထောက်ပံ့ပေးကမ်းကြရတဲ့အခါ ဥပဒေမဲ့လုပ်ကိုင်နေကြသူတွေအတွက် သူတို့ဟာ အရုပ်ကလေးလို ဖြစ်လာခဲ့ပါတယ်။ တစ်ခါတလေ ပေးကမ်းပြီး ဒရဝမ်လို၊ လက်တိုလက်တောင်းအစေခံလို၊ အစောင့်ချထားခံကြရတဲ့အထိ ဖြစ်ကြရတယ်။ သူတို့ရဲ့ ပေးစာကမ်းစာလေးနဲ့ပဲ စခန်းတွင်းက မိသားစုတွေ၊ ရုံးစာရွက်စာတမ်းဖိုးတွေ၊ အထက်အောက်စရိတ်တွေ၊ နောက် အထွေထွေစရိတ် စတာတွေအတွက် လည်ပတ်ကြရတယ်။

ဒီအတွက် တစ်ခုခုဖြစ်လို့ ဖမ်းပါဟဲ့ ဆီးပါဟဲ့ဆိုလာလို့ သွားဖမ်းကြတဲ့အခါ ပေးကမ်းထားတဲ့သူတွေက လူမလေးခွေးမခန့်ဆိုသလို ဥပဒေမဲ့သူတွေက မလေးစားကြတော့ဘူး။ မထီမဲ့မြင်ပြုလို့ ပြန်ရန်ရှာကြတော့တယ်။ ဒီအခါ အချို့ရဲတွေ သေကျေရတော့တယ်။ အချို့က အခုလို အထိုးအကြိတ်ခံရတယ်။ အချို့က ပြန်လုပ်တဲ့အခါ အရေးယူခံရတယ်။ နောက်ဆုံးတော့ သူတို့ပဲ ကျရှုံးခဲ့ကြရရှာတာပါပဲ။ အမှန်ကို သနားစရာကောင်းတဲ့ ရဲဝန်ထမ်းတွေရဲ့ အဖြစ်ပါပဲ။ အချို့ဥပဒေမဲ့စီးပွားရှာနေကြသူတွေအပေါ် ဘေးဘီဝန်းကျင်က အမြင်မတော် နေပြည်တော်အထိ တိုင်ကြတဲ့အခါမှာ ဟိုကတိုက်ရိုက်လာဆင်းဖမ်းကြမှသာ ထိုသူတွေလည်း ဆန့်ငင်ဆန့်ငင်နဲ့ ပါသွားကြရတာ။ ဒါတောင် ထောင်ကပြန်ထွက်လာတဲ့အခါ ဒါပဲပြန်ညှိနှိုင်းပေးကမ်းပြီး ပြန်လုပ်ကြရပြန်တာပါပဲ။ အမှန်တော့ ဒါဟာ ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုးမှု (Rule of Law) မရှိခြင်း၊ တရားဥပဒေမဲ့ လက်လွတ်ခွက်လွတ်ဖြစ်နေခြင်း၊ နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်လာဘ်စားမှုပြင်းထန်နေခြင်းတို့ရဲ့ အခြေခံအကြောင်းတရားပဲ ဖြစ်ပါတယ်။ အမှန်ဆိုရင် ဝန်ထမ်းတစ်ဦးကို သူ့ဂုဏ်သူ့သိက္ခာနဲ့ သူ့တာဝန်ကို သူကျေပွန်အောင်ထမ်းဆောင်ဖို့ဆိုရင် သူ့ကို ထိုက်သင့်တဲ့လစာ၊ ထိုက်သင့်တဲ့အဆောင်အယောင်၊ ထိုက်သင့်တဲ့လက်နက်နဲ့ ထိုက်သင့်တဲ့လုပ်ပိုင်ခွင့်အာဏာတွေ အပ်နှင်းထားပေးကြရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ရှေ့ဘုန်းကြီးတစ်ချက်ခေါက်ရင် နောက်ဘုန်းကြီးနှစ်ချက်ခေါက်တယ်ဆိုသလို ရဲဝန်ထမ်းတွေခမျာ ရတဲ့လစာကနည်းနည်း၊ ထမ်းဆောင်ရတဲ့တာဝန်ကကြီးကြီး၊ တိုးပေးတဲ့လစာက မဖြစ်စလောက်အကြားမှာ သူ့မိသားစုရှင်သန်ရပ်တည်ရေး၊ သူ့ရာထူးဌာနန္တရမြဲရေးနဲ့ သူ့အထက်ကလူကြီး ကြည်ဖြူရေးတို့အတွက် သူလည်းလေ လောကီသားပေမို့ သူတို့လည်း လမ်းဟောင်းကြီးအတိုင်း ဆက်လျှောက်နေရင်း ဆွမ်းခံရင်းငှက်သင့်ဆိုသလို တစ်ခါမဟုတ်တစ်ခါတော့ အခုလိုအဖြစ်မျိုးတွေနဲ့ တိုးနေတော့မှာ ဖြစ်ပါတယ်။

ဒီအတွက် ရဲတွေနဲ့ပတ်သက်လို့ ပြောင်းလဲကြရမယ့် လေ့ကျင့်ပညာပေးရေးကိစ္စတွေ၊ အခြားနိုင်ငံကလို ရွေးချယ်ခန့်အပ်ရေးကိစ္စတွေ၊ ရဲကျင့်ဝတ်ဆိုတာတွေ၊ ပြည်သူ့ဝန်ထမ်းတစ်ဦး (ရဲ) တာဝန်ထမ်းဆောင်နေချိန်မှာ အနှောင့်အယှက်ပြုခဲ့ရင် ရာဇသတ်ကြီးထဲက ဘယ်လိုပုဒ်မတွေတပ်ပြီး ဘယ်လိုပြစ်ဒဏ်မျိုးတွေ ချမှတ်နိုင်တယ်ဆိုတာတွေကို အခု ဒီနေရာမှာ ပြောမနေတော့ဘဲ အကြောင်းရှိလို့ အကျိုးဖြစ်တယ်ဆိုတဲ့ ကံကံ၏အကျိုးကို ယုံကြည်ကြသူ ဗုဒ္ဓဘာသာတွေပီပီ ဒီလိုတွေဖြစ်နေကြရတဲ့ အခြေခံအကြောင်းတရားကဘာလဲ၊ ငါတို့အစိုးရအုပ်ချုပ်သူတွေက ဘာတွေပြောင်းလဲပေးကြရမလဲ၊ နိုင်ငံ့ဝန်ထမ်းတွေကို အဂတိကင်းပြီး ကိုယ့်ဂုဏ်ကိုယ့် သိက္ခာနဲ့ညီအောင်ဆိုရင် ငါတို့ဘက်က ဘယ်လိုလုပ်ပေးကြရမလဲ၊ အောက်ခြေမှာ ဘာတွေဖြစ်နေသလဲဆိုတာတွေကို မြင်အောင်ကြည့်ကြသင့်ပါပြီ။ တိုင်းခန်းလှည့်လည်ကြတဲ့အခါ အောက်ခြေက ဝန်ထမ်းလေးတွေ ဘယ်လိုနေလဲ၊ ဘယ်လိုထိုင်လဲ၊ ဘယ်လိုဝတ်စားနေရလဲ၊ သူ့မိသားစု ဘယ်လိုစားသောက်နေရလဲ ရှောင်တခင်ဝင်ရောက်ကြည့်ရှုသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ခေတ်ဟောင်းစနစ်ဟောင်းက လမ်းကြောင်းတွေအတိုင်း ရာဇမတ်ကာ သဲဖြူခင်းထားတဲ့လမ်းကိုလျှောက်၊ ကတ္တီပါအဖုံး ရွှေစာလုံးနဲ့ ရေးတင်ထားသမျှကိုပဲကြည့်ပြီး ယုံ၊ ပန်းမွေ့ရာ ရွှေကော်ဇောသလွန် ညောင်ဇောင်းထက်မှာပဲ ပျော်မွေ့လို့ အာဏာစည်းစိမ်ယစ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့ပြောရဲပါတယ် ပြောင်းလဲမှုဆိုတာ..ဟိုမှာဘက်ကမ်းက နိဗ္ဗာန်ထက်တောင် ဝေးနေပါဦးမယ်လို့ စိတ်ကောင်းစေတနာနဲ့ ရေးသားလိုက်ရပါတယ်။

အောင်ဇေယျ