News

POST TYPE

NEWS

ဗန်းမော်-လွယ်ဂျယ်လမ်း မြေပြို၍ ကုန်တင်ယာဉ်များ ယာယီသွားလာခွင့်ပိတ်မည်
ဗန်းမော်၊ ဩဂုတ် ၁၉

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ အဓိကကုန်စည်စီးဆင်းသည့် လမ်းမကြီးတစ်ခုဖြစ်သည့် ဗန်းမော်-လွယ်ဂျယ်လမ်း ပြိုကျမှုများဖြစ်ပေါ်နေသဖြင့် ဩဂုတ် ၂၁ ရက်မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ၁၀ ဘီးနှင့်အထက်ယာဉ်များကို ယာယီသွားလာခွင့် ပိတ်ထားမည်ဖြစ်ကြောင်း ယင်းခရိုင်လမ်းဦးစီးဌာနထံမှ သိရသည်။

ဇူလိုင်လနောက်ဆုံးပတ်အတွင်းမှစတင်၍ မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းခြင်းကြောင့် လမ်းပခုံးများ ပြိုကျခြင်း၊ နိမ့်ကျခြင်း၊ တောင်ပြိုခြင်းများ မကြာခဏဖြစ်ပေါ်နေပြီး လမ်းသားကျဉ်းမြောင်းလာခဲ့သဖြင့် ယာဉ်ကြီးများသွားလာပါက လမ်းပိုမိုပျက်စီးလာနိုင်ပြီး အသက်အန္တရာယ်ထိခိုက်လာနိုင်သဖြင့် ယာယီပိတ်ထားရကြောင်း မိုးမောက်မြို့နယ် လမ်းဦးစီးဌာန အင်ဂျင်နီယာ ၂ ဦးဇင်ဘိုမောင်က ပြောဆိုသည်။

“လွယ်ဂျယ်မရောက်ခင် စိန်လုံအနီးက လမ်းကတစ်ခြမ်းပဲ့ကျသွားပြီ။ အောက်ချောက်ကမ်းပါးကြီးက နက်တယ်။ ကားဘီးတောင် ချလို့မရနိုင်လောက်အောင် ကျဉ်းနေပါတယ်”ဟု လွယ်ဂျယ်လမ်းအသုံးပြု ကားသမားများက ပြောဆိုသည်။

ခေတ္တယာယီလမ်းပိတ်ခြင်းကို ဗီနိုင်းပိုစတာများဖြင့် ဆိုင်းဘုတ်စိုက်ထူ၍ သတိပေးခြင်း၊ အသိပေးလက်ကမ်း စာစောင်များ ဝေငှခြင်းတို့ကို ယခုလဩဂုတ် ၁၈ ရက်နေ့မှ စတင်လုပ်ဆောင်နေကြောင်း ဗန်းမော်ခရိုင် လမ်းဦးစီးဌာနထံမှ သိရသည်။

ယခုကဲ့သို့ပျက်စီးသွားသည့် ကားလမ်းကို ယာဉ်ကြီးများ ခေတ္တရပ်ဆိုင်းလိုက်သည့်အတွက် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားပြီး ကုန်ဈေးနှုန်းကြီး မြင့်လာမည်ကိုလည်း စိုးရိမ်နေကြပြီး ယာဉ်မောင်းများ၊ ကုန်တင်ကုန်ချ အခြေခံလုပ်သားများပါ အခက်တွေ့နိုင်ကြောင်း ဒေသခံ လယ်ယာထွက်ကုန် ဆန်၊ ပြောင်း၊ နှမ်းကုန်သည်များက သုံးသပ်ပြောကြားသည်။

ယင်းလမ်းပိုင်းသည် နိုင်ငံတော်အတွက် ဝင်ငွေရ အထူးအားထားရသော လမ်းမကြီးဖြစ်ပြီး ဗန်းမော်မှ လွယ်ဂျယ်သို့ အတက်အဆင်းလမ်း မိုင် ၅၈ မိုင်ရှိကြောင်း၊ မိုးရာသီ ကာလများတွင် ကားအစီးရေ ၄၀ ခန့်သာ အတက်အဆင်း ပြုလုပ်သော်လည်း ပွင့်လင်းရာသီကာလများတွင် ကားအစီးရေ ၇၀၀ ခန့်အထိ အသုံးပြုနေသည့်လမ်းဖြစ်ကြောင်း ပုဂ္ဂလိကမော်တော်ယာဉ်များ အသင်းရုံးထံမှ သိရသည်။ 

R-14