News

POST TYPE

NEWS

ကလေးတစ်ဦးကို ရေနွေးပူဖြင့်ပက်သည့် သက်သာဆိုင်ဝန်ထမ်းအမျိုးသမီးကို နာကျင်စေမှုဖြင့်အမှုဖွင့်
20-Aug-2018
မန္တလေး၊ ဩဂုတ် ၁၉

ကလေးငယ်တစ်ဦးကို ရေနွေးပူဖြင့်ပက်သည့် မဟာအောင်မြေမြို့နယ်အတွင်းရှိ သက်သာဆိုင်တစ်ခုမှ ဝန်ထမ်းအမျိုးသမီးကို နာကျင်စေမှုဖြင့် အမှုဖွင့်ထားကြောင်း ယင်းမြို့နယ် အမှတ် ၇ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ခင်ဇော်ကပြောကြားသည်။

မဟာအောင်မြေမြို့နယ် ၈၄ လမ်း၊ ၄၁ လမ်းတွင်ရှိသည့် CoCo သက်သာ စတိုးဆိုင်၌ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင်ခန့်က ဆိုင်အတွင်း ဝင်ရောက်တောင်းရမ်းသည့်ကလေးကို ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ရေနွေးပူဖြင့်ပက်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။

တောင်းရမ်းသူကလေးငယ်က စတင်ရန်ပြုခဲ့သည့်အတွက် ဝန်ထမ်းအမျိုးသမီးက ရေနွေးဖြင့်ပက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

“ဆိုင်ထဲမှာ ကောင်လေးက ဝင်တောင်းတာ။ ဈေးဝယ်တွေရဲ့ ပိုက်ဆံအိတ်တွေကိုဆွဲပြီးတော့ တောင်းနေတာပါ။ အဲဒီမှာ ဝန်ထမ်းတွေက အပြင်ထွက်ပေးကြဖို့ပြောတဲ့အခါမှာ ကောင်လေးကဆဲတာ။ ပြီးတော့ အနီးကတွေ့တဲ့ ခေါက်ဆွဲပြုတ်ခွက်နဲ့ ဝန်ထမ်းကောင်မလေးကို ပက်လိုက်တာ၊ တစ်ကိုယ်လုံးခေါက်ဆွဲပူတွေပေကုန်တာ”ဟု ဖြစ်ပွားချိန်က ဆိုင်အတွင်းရှိနေခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

တောင်းရမ်းသူကလေးငယ်က ယင်းသို့ပြုလုပ်သည့်အတွက် ဆိုင်ဝန်ထမ်းကရေနွေးဖြင့် ပြန်ပက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကလေး၏ ခန္ဓာကိုယ်တွင် ပူလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများအဆိုအရ သိရသည်။

ကလေးငယ်အား ရေနွေးပူဖြင့်ပက်ခဲ့ရာတွင် ဒဏ်ရာများရရှိသွားခဲ့သည့်အတွက် လက်ရှိတွင် ဆိုင်ဝန်ထမ်း အမျိုးသမီးကို အမှတ် (၇) နယ်မြေရဲစခန်းက နာကျင်စေမှုပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

M-04


  • VIA