News

POST TYPE

NEWS

ကျောက်တော်မြို့ရှိ ဒုက္ခသည်စခန်း ပိတ်
20-Aug-2018



စစ်တွေ၊ ဩဂုတ် ၁၉

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်ရှိ နိဒင်ဘင်္ဂါလီဒုက္ခသည်စခန်းကို ဩဂုတ်လ ၁၉ ရက်က အပြီးပိတ်သိမ်းလိုက်ပြီး အိမ်ထောင်စုအားလုံးကို ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ကျောက်တော်မြို့ပေါ်တွင် နေထိုင်ကြသော ဘင်္ဂါလီလူမျိုး အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၅၀၀ ကျော်ကို နိဒင်ကျေးရွာ၌ ဒုက္ခသည်စခန်း ဖွင့်လှစ်ကာ ယာယီနေရာချထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ ဒုက္ခသည်များနှင့် အစိုးရတို့ ညှိုနှိုင်းသဘောတူညီချက်အရ နိဒင်ကျေးရွာအနီး လယ်ကွင်းပြင်တွင် သွပ်မိုး၊ ဝါးထရံကာ လုံးချင်းအိမ်များ ဆောက်လုပ်ကာ ပြောင်းရွှေ့နေရချထားပေးခြင်းဖြစ်သည်။

“မရှိတာထက် ပိုပြီးကောင်းတယ်။ အရင်က မှီခိုစရာမရှိတာကနေ ဒီလောက်အဆင့် ရောက်လာတာဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်တယ်လို့ ထင်တယ်။ ရေရှည်နေရမယ်ဆိုရင် မှီခိုလို့ရမယ့် အလုပ်အကိုင်တွေရမှ ဘဝရပ်တယ်လို့ ရမယ်ထင်တယ်”ဟု ဘင်္ဂါလီလူမျိုး ဦးဘမောင်က ဆိုသည်။

အစိုးရအနေနှင့် ဒုက္ခသည်စခန်းပြီးသည်နှင့် ၎င်းတို့ ရေရှည်လုပ်ကိုင်စားသောက်ရန် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ကို ဆောင်ရွက်ပေးနိုင်သည့် အတိုင်းအတာတစ်ခုထိ ကူညီပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်သူရိန်က ပြောကြားသည်။

၎င်းတို့၏ သားသမီးများ ပညာသင်ကြားနိုင်ရန် စာသင်ကျောင်းတို့ ဆောက်လုပ်ပေးစေလိုကြောင်း၊ လက်ရှိအချိန်တွင် မိုးရေကို အမှီပြုကာ သုံးစွဲနေကြသည့်တွက် နွေရာသီဆိုလျှင် သောက်သုံးရေအခက်အခဲဖြစ်နိုင်ကြောင်း နိဒင်ဒုက္ခသည်စခန်းတာဝန်ခံ ဦးကျော်အေးက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ အရင်ဈေးရောင်းခဲ့ကြတာဆိုတော့ လယ်လုပ်တာတို့၊ တံငါလုပ်တာတို့နဲ့ သိပ်ရင်းနှီးမှု မရှိဘူး။ WFP က ပေးတာတွေ ရပ်တန့်သွားရင် ဒုက္ခရောက်နိုင်တယ်။ ကျွန်တော်တို့မှာ ပိုင်ဆိုင်ထားတဲ့ လယ်လည်းမရှိ၊ လုပ်ငန်းတွေလည်းမရှိဘူး”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်မှစ၍ ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ပေါက်တောမြို့နယ်တို့မှ IDP စခန်းသုံးခုကို ပိတ်သိမ်းပြီးပြီဖြစ်ရာ ယခု ပိတ်သိမ်းသော နိဒင် IDP စခန်းသည် လေးခုမြောက်ဖြစ်ပြီး ကျောက်ဖြူမြို့ရှိ ကျောက် တစ်လုံး IDP စခန်း၊ စစ်တွေမြို့ရှိ သက္ကယ်ပြင်၊ ခေါင်းဒုကာ IDP စခန်းတို့ကို ပိတ်သိမ်းနိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း ဒေါက်တာအောင်သူရိန်က ရှင်းပြသည်။

R-22