News

POST TYPE

NEWS

အောင်ပင်လယ်ကန်တွင် ငါသည် စပါးပင်၊ ငါသည် လယ်ယာမြေဆိုသည့် Performance ပြုလုပ်
19-Aug-2018


မန္တလေး၊ ဩဂုတ် ၁၈

အောင်ပင်လယ်ကန်အတွင်းရှိ လယ်ယာမြေများ၊ စပါးပင်များသည် မြို့ပြ ဖွံ့ဖြိုးမှုအောက်တွင် ဆုံးရှုံးခဲ့ရခြင်းနှင့်ပတ်သက်၍ ငါသည်စပါးပင်၊ ငါသည် လယ်ယာမြေဟူသည့် Performance ကို ပန်းချီ၊ ပန်းပုပညာရှင် ဦးစူးမြင့်သိန်းက အဆိုပါကန်ရှိ လယ်ယာမြေပေါ်တွင် ဩဂုတ်လ ၁၈ ရက်နေ့၌ တစ်ကိုယ်တော်ပြသခဲ့သည်။

“ကျွန်တော်ကိုယ်တိုင်က စပါးပင်၊ ကျွန်တော်ကိုယ်တိုင်က လယ်ယာမြေပေါ့။ မြို့ပြစီမံကိန်းတွေ၊ မြို့ပြရဲ့ လူဦးရေတိုးပွားလာတာနဲ့အမျှ ရှေးဘိုးစဉ်ဘောင်ဆက်လုပ်လာခဲ့တဲ့ လယ်မြေတွေကို မျက်စောင်းထိုးကြတယ်။ မြို့တိုင်းရွာတိုင်းမှာပေါ့။ တစ်နိုင်ငံလုံးကိုကြည့်လိုက်ရင် အိမ်ခြေတွေ တိုးချဲ့ရင် လယ်ယာမြေကိုပဲ မျက်စောင်းထိုးကြတယ်”ဟု ဦးစူးမြင့်သိန်းက ပြောကြားသည်။

အဆိုပါ Performance ကို အောင်ပင်လယ်ကန်၏ မြကန်သာရွာနှင့် နန်းဦးလွင်ရွာကြား လယ်ကွင်းအတွင်းပြသခဲ့ခြင်းဖြစ်ပြီး အနီရောင်၊ အပြာရောင်ပိတ်စများ၊ မှုတ်ဆေးဘူးများ၊ ခေါင်းအုံးများ၊ မီးများဖြင့် ပြသခဲ့ခြင်းဖြစ်သည်။ 

လယ်သမားများ၏ ဘဝများကို လျစ်လျူရှုကာ အဆောက်အအုံများ တိုးတက်အောင်ပြုလုပ်နေကြောင်း၊ အောင်ပင်လယ်ကန်သည် နောက်တွင် ကွန်ကရစ်တောအုပ်ကြီး ဖြစ်သွားမည်ဖြစ်ကြောင်း အဆိုပါ Performance ကို တက်ရောက်ကြည့်ရှုခဲ့သည့် ကဗျာဆရာ၊ စာရေးဆရာအချို့က ပြောကြားသည်။

“အပြာရောင်ပိတ်သားပေါ်မှာ အိမ်မြေပေါ်မှာ အိမ်ရှိတယ်။ ဒါက သူရဲ့နေရာဆိုတာကို ပြတယ်။ တဖြည်းဖြည်းနဲ့ရေထဲကို လျှောသွားတယ်။ အိပ်မက်ကျယ်လာတယ်။ အနီရောင်ကိုသုံးတာက လယ်သိမ်းမြေသိမ်း ကိစ္စတွေကို ပြချင်တယ်ပေါ့။ မှုတ်ဆေးဘူးနဲ့ ခေါင်အုံးကို မှုတ်တယ်။ ဒါက သူ့ (လယ်သမား) ဘဝ သူအိပ်မက်တွေကို ငြိမ်းချမ်းစေချင်တာကိုပြတယ်။ ဒါကို မီးနဲ့မှုတ်တယ်။ အိပ်မက်တွေ ဖျက်ဆီးခံရတာကို ဆိုလိုတယ်။ စပါးပင်တွေကို မီးနဲ့မှုတ်တယ်။ စပါးပင်တွေကို ဖျက်ဆီးခံရတာကိုပြတယ်။ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားတဲ့သူတွေအတွက် ခံစားရတယ်”ဟု လာရောက်ကြည့်ရှုသူ ကိုလင်းလင်းထွန်းက ၎င်း၏အမြင်ကို ပြောဆိုသည်။

အောင်ပင်လယ်ကန်သည် မန္တလေးမြို့ ၁၉ လမ်းမှ သိပ္ပံလမ်းတောင်ဘက်ထိ ကျယ်ဝန်းကြောင်း ဆရာညီပုလေးက ပြောကြားသည်။

M-05



  • VIA