News

POST TYPE

NEWS

၂၀၁၈ အာရှအားကစားပြိုင်ပွဲမတိုင်မီ ရာဇဝတ်မှုနှိမ်နင်းရေးစီမံချက်အတွင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က လူဒါဇင်ပေါင်းများစွာကို ပစ်ခတ်သတ်ဖြတ်ဟု AI ပြောကြား
19-Aug-2018


ဂျကာတာ၊ ဩဂုတ် ၁၈

အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် ဂျကာတာတွင် လက်ခံကျင်းပသည့် ၂၀၁၈ အာရှအားကစားပွဲတော် (Aisan Games) မတိုင်မီ နိုင်ငံတွင်းရှိ အငယ်စားဒုစရိုက်သမားများစွာကို ရက်စက်ကြမ်းတမ်းစွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ထုတ်ဖော်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

AI အဖွဲ့က အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် အငယ်စား ဒုစရိုက်သမားများကို နှိမ်နင်းရာတွင် “ဦးစွာပစ်ခတ်နှိမ်နင်း၊ နောင်မှ မေးစရာရှိတာမေး” ဟူသည့် မူဝါဒကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ 

မြို့တော်ဂျကာတာအပါအဝင် အခြားမြို့များတွင် ကျင်းပရန်ရှိသည့် အာရှအားကစားပွဲအတွက် ဒုစရိုက်သမားများ နှိမ်နင်းသည့်စစ်ဆင်ရေးကို ဇန်နဝါရီလကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းစီမံချက်အတွင်း အငယ်စားဒုစရိုက်သမား အနည်းဆုံး ၇၇ ဦးခန့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်ဟု AI က ဆိုသည်။ သေဆုံးသူ ၃၁ ဦးမှာ ရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှုများအတွင်း ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ 

အင်ဒိုနီးရှားအာဏာပိုင်များကမူ ရဲတပ်ဖွဲ့သည် ၎င်းတို့ကိုပြန်လည်ခုခံသည့် လက်နက်ကိုင်များကိုသာ ပစ်ခတ်နှိမ်နင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ 

အာရှအားကစားပွဲတော်အတွက် အင်ဒိုနီးရှားအာဏာပိုင်များက ရဲတပ်ဖွဲ့ဝင် တစ်သိန်းအထိ တပ်ဖြန့်ထားသည်။ ဩဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အားကစားပေါင်းစုံ ပြိုင်ပွဲကြီးတွင် အားကစားသမား ၁၇၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

“အာဏာပိုင်တွေက အားလုံးအတွက် လုံခြုံရေးတိုးတက်ကောင်းမွန်အောင် လုပ်ပေးမယ်လို့ ကတိပေးထားတယ်။ ကျွန်တော်တို့တွေ့မြင်ရတာကတော့ ရဲတပ်ဖွဲ့က လူဒါဇင်ပေါင်းများစွာကို ပစ်ခတ်သတ်ဖြတ်နေတယ်။ တာဝန်ယူမှုလည်း လုံးဝမရှိဘူး” ဟု AI အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ အူစမွန်ဟာမစ်ကပြောကြားသည်။ 

“နိုင်ငံတကာ အားကစားပြိုင်ပွဲကြီးဆိုတာ ကိုယ့်တိုင်းပြည်ထဲမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ပြီးမှ ကျင်းပလို့ရတဲ့ ပွဲမျိုးမဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ပြီးခဲ့သည့် ဇူလိုင်လလယ်ခန့်တွင် ဒုစရိုက်သမား ၁၁ ဦးကို ဂျာကာတာမြို့လယ်ဒေသတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ လူ့အခွင့်အရေးအုပ်စုများအကြား ဝေဖန်ပြောဆိုစရာဖြစ်သွားသည်။ နောက်ထပ် ၄၂ ဦးမှာလည်း ခြေထောက်ကို ပစ်ခတ်ခံခဲ့ရသည်။ 

ထိုသို့ ထိတ်လန့်စရာကောင်းသော ကိန်းဂဏန်းများကို ကြည့်မည်ဆိုပါက အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် ဒုစရိုက်သမားများ နှိမ်နင်းရာတွင် အင်အားကိုလိုသည်ထက်ပို၍ အသုံးပြုလျက်ရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ 

အာရှအားကစားပြိုင်ပွဲကြီးဆီသို့ လာရောက်မည့် ကမ္ဘာလှည့်ခရီးသည်များ အန္တရာယ်ကင်းရှင်းရေးအတွက်လည်း လူထောင်ပေါင်းများစွာကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယင်းအနက် ရာပေါင်းများစွာကို ထိန်းသိမ်းထားကြောင်း အင်ဒိုနီးရှားအမျိုးသား ရဲတပ်ဖွဲ့မှ ရဲချုပ်တီတိုကာနာဗီယန်က ပြောကြားသည်။

F-01