News

POST TYPE

NEWS

ပစိဖိတ်ဒေသရှိ အမေရိကန်နှင့် မဟာမိတ်ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းရန် တရုတ်စစ်တပ် လေ့ကျင့်နေဖွယ်ရှိဟု ပင်တဂွန်အကဲဖြတ်
19-Aug-2018


ဘေဂျင်း၊ ဩဂုတ် ၁၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စစ်တပ်သည် ပစိဖိတ်ဒေသတွင်းရှိ အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းရန်အတွက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေဖွယ်ရှိသည်ဟု ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာတစ်ရပ်က သတိပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

အမေရိကန်ကွန်ဂရက်လွှတ်တော်သို့ ပင်တဂွန်စစ်ဌာနချုပ်က နှစ်စဉ် ပုံမှန်တင်သွင်းသော အစီရင်ခံစာတွင် တရုတ်နိုင်ငံ လေတပ်အခြေစိုက်စခန်းများတွင် ထားရှိသည့် ဗုံးကြဲလေယာဉ်အစင်းရေ တိုးမြင့်လာသည်ဟု ဖော်ပြထားသည်။
 
တရုတ်နိုင်ငံ၏ စစ်သုံးစရိတ်သည် ခန့်မှန်းခြေ ဒေါ်လာ ၁၉၀ ဘီလီယံ (အမေရိက၏ သုံးပုံတစ်ပုံ) ထိ ရှိလာသလို စစ်ရေးစွမ်းဆောင်မှုမှာလည်း မြင့်တက်လာသည်။ 

ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ထင်မြင်သုံးသပ်ချက်ပေးခြင်း မရှိသေးပေ။ ပင်တဂွန်အစီရင်ခံစာတွင် ပစိဖိတ်ဒေသတွင်းရှိအမေရိကန်နှင့် မဟာမိတ်ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းရန် လေ့ကျင့်လျက်ရှိသည်ဟု သတိပေးထားခြင်းသည် တရုတ်နိုင်ငံ၏ စစ်ရေးနှင့် စီးပွားရေးဦးတည်ချက်များကို တစ်စိတ်တစ်ပိုင်း အကဲဖြတ်ခြင်းပင်ဖြစ်သည်။ 

“တရုတ်လွတ်မြောက်ရေး တပ်မတော် (PLA) သည် ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း ဗုံးကြဲလေယာဉ်များ စစ်ဆင်ရေးနယ်မြေကို အဆမတန်တိုးချဲ့လာရာ ပင်လယ်ရေကြောင်းဆိုင်ရာ နယ်ပယ်များတွင် အတွေ့အကြုံများ ပိုမိုရရှိလာသည်။ တရုတ်နိုင်ငံသည် အမေရိကန်နှင့် အမေရိကန်မဟာမိတ်ပစ်မှတ်များကို တိုက်ခိုက်ရန် လေ့ကျင့်နေဖွယ်ရှိသည်” ဟု ပင်တဂွန်၏ အစီရင်ခံစာတွင် ရေးသားထားသည်။ 

သို့သော် တရုတ်နိုင်ငံ လေတပ်စွမ်းရည်မြှင့်တင်နေခြင်း၏ အဓိကဦးတည်ရာကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးကြောင်း ဖော်ပြသည်။ 

PLA အနေနှင့် ဂူအမ်ကျွန်းအပါအဝင် ပစိဖိတ်သမုဒ္ဒရာတွင်းရှိအမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များ၏ စစ်စခန်းများကို တိုက်ခိုက်ချေမှုန်းနိုင်သည့် စွမ်းဆောင်ရည်ရှိသည်ဟူသော အချက်ကို ထုတ်ဖော်ပြသကောင်း ပြသဖွယ်ရှိသည်ဟု ဆက်လက်ဖော်ပြသည်။ 

တရုတ်သည် မြေပြင်တပ်ဖွဲ့များ၏ ဖွဲ့စည်းမှုပုံစံကိုလည်း ပြန်လည်ပြင်ဆင်လျက်ရှိသည်။ ယင်းပြုပြင်ပြောင်းလဲမှုများသည် ပိုမိုလှုပ်ရှားနိုင်ပြီး ပြင်းထန်စွာ ချေမှုန်းနိုင်စွမ်းရှိသည့် တပ်ဖွဲ့များအဖြစ် ဖန်တီးရန်ဖြစ်သည်” ဟု ပင်တဂွန်၏ အစီရင်ခံစာက ဆိုသည်။ 

တရုတ်နိုင်ငံ၏ စစ်ရေးအသုံးစရိတ်သည် လာမည့် ၁၀ နှစ်တာကာလအတွင်း ဒေါ်လာ ၂၄၀ ဘီလီယံအထိ မြင့်တက်လာမည်ဟု ခန့်မှန်းရသည်။ 

အမေရိကန်ပြည်ထောင်စုသည် လတ်တလောအနေအထားတွင် အာရှပစိဖိတ်ဒေသ၌ အရေးပါသည့်အခန်းကဏ္ဍက ပါဝင်လျက်ရှိရာ ယင်းဒေသတွင်း တရုတ်တို့ ဩဇာလွှမ်းမိုးလာမည်ကို စိုးရိမ်လျက် ရှိသည်။

F-01