News

POST TYPE

NEWS

မကွေးရှိ ရဲကို ထိုးကြိတ်သူများကို အမှုဖွင့်
19-Aug-2018
မကွေး၊ ဩဂုတ် ၁၈

မကွေးတိုင်း မကွေးမြို့ရှောင်လမ်းပေါ်ရှိ KTV တွင် သောင်းကျန်းနေသည့် လူငယ်ငါးဦးကို တားမြစ်သည့် ရဲများကို ပြန်လည်ထိုးကြိတ်သူများကို အမှုဖွင့်လိုက်ကြောင်း မကွေးမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၁၆ ရက်နေ့ည ၉ နာရီ ၃၀ ခန့်က မကွေးမြို့ သိင်္ဂါရပ်ကွက် မြို့ရှောင်လမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် MT KTV စားသောက်ဆိုင်ပိုင်ရှင်က ၎င်း၏ ဆိုင်တွင် လူငယ် ၅ ဦး ဆူပူသောင်းကျန်းနေသည်ဟုဆိုကာ သတင်းပေးတိုင်ကြားသဖြင့် ရဲအုပ် ကျော်မင်းထွဋ်ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၅ ဦးက သွားရောက်တားမြစ်စဉ် အဆိုပါလူငယ် ၅ ဦးက ဝိုင်းဝန်းထိုးကြိတ်ကြသဖြင့် တပ်ဖွဲ့ဝင် ၅ ဦးလုံး ဒဏ်ရာများရရှိခဲ့ပြီး လတ်တလော မကွေးတိုင်းဆေးရုံကြီးတွင် ဆေးကုသမှုခံနေရကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခဲ့သည့် လူငယ် ၅ ဦးအနက် နိုင်လင်းထွန်း (၂၇) နှစ်၊ (ဘ) ဦးအောင်ဝင်းထွန်း၊ သာယာကုန်းကျေးရွာနေသူနှင့် ဇော်မျိုးဦး (ခ) ဂဏန်း (၂၇ နှစ်)၊ (ဘ) ဦးသိန်းနိုင်ဦးတို့ကို ညတွင်းချင်းဖမ်းဆီးခဲ့ပြီး ကျန် (၃) ဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်လင်းထွန်းပါ လူငယ် ၅ ဦးကို ရဲအုပ်ကျော်မင်းထွဋ်က တရားလိုပြုလုပ်၍ မကွေးမြို့မ ရဲစခန်းတွင် (ပ) ၉၁၂/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး ၁၇ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ရဲများကို ထိုးကြိတ်ရိုက်နှက်ရာတွင် ပါဝင်သည့် လူငယ် ၅ ဦးတွင် ပါဝင်ခဲ့သူ ဆန်းလင်းထွန်းဆိုသူကို အရပ်ဝတ် လူ ၁၅ ဦးခန့်က ၎င်း၏ နေအိမ်သို့ လာရောက်ပြီး ရိုက်နှက်ခဲ့ကြောင်း ၎င်း၏ ဖခင်ဖြစ်သူ ဦးသက်က ပြောကြားသည်။

“သူတို့ဝိုင်းရိုက်တာမြင်တော့ မင်းမဲ့ဆန်ဆန် မလုပ်ဖို့ကျွန်တော်က တားတယ်။ KTV မှာဖြစ်တဲ့အမှုကို သူတို့ရင်ဆိုင်ပါစေ၊ အသာတကြည်ဖမ်းသွားရင် ကျေနပ်တယ်၊ အဲလိုမဖမ်းဘဲ ကျင်စက်တွေနဲ့တို့ပြီး ရိုက်နှက်နှိပ်စက်တာ ဆိုးဝါးလွန်းပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ယခုကဲ့သို့ ဆန်းလင်းထွန်းအရိုက်အနှက်ခံရသဖြင့် ဖခင်ဖြစ်သူဦးသက်က အမှုဖွင့်ရန်အတွက် ၎င်းတို့၏ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် မကွေးမြို့မရဲစခန်းမှူးထံ တင်ပြသော်လည်း အမှုဖွင့်ခွင့်မရရှိခဲ့ကြောင်း ဦးသက်က ဆိုသည်။

“ရဲတပ်ဖွဲ့ဝင်တွေပါဆိုပြီး ဆန်းလင်းထွန်းကို လာနှိုးကြတာ။ ဆန်းလင်းထွန်းကလည်း ရပ်ကွက်လူကြီးတွေ ပါတယ်မှတ်ပြီး အဖမ်းခံဖို့ထတာ၊ အထကိုမခံဘူး။ အိမ်ပေါ်တက်ပြီး သံတုတ်တွေနဲ့ ဝိုင်းရိုက်ကြတာ”ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ မမျိုးမျိုးဦးက ပြောဆိုသည်။

ယခုကဲ့သို့ အရိုက်အနှက်ခံရသဖြင့် ဆန်းလင်းထွန်းမှာ မကွေးတိုင်းဆေးရုံကြီးတွင် ဆေးကုသနေကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။ 

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ The Voice Daily မှ သတင်းထောက်က မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင် ခရိုင်ရဲတပ်ဖွဲမှူးရုံးများသို့ သွားရောက်မေးမြန်းရာတွင် တာဝန်ခံ၍ ဖြေကြားမည့်သူများမရှိကြောင်းနှင့် ယခုဖြစ်စဉ်ကို သိရှိခြင်းမရှိကြသေးကြောင်း ပြန်လည်ဖြေကြားသည်။ 

R-23


  • VIA