News

POST TYPE

NEWS

တောင်ပြုန်းအကြို အိုးပုတ်ပွဲ
19-Aug-2018


တစ်နှစ်မှာ တစ်ရက်သာ ကျင်းပသော အိုးပုတ်ပွဲ ကျင်းပမည့်ရက်သည် ယနေ့ပင် ဖြစ်သည်။

ယခုနှစ် ကျင်းပမည့် အိုးပုတ်ပွဲသည် ယခင်နှစ်များကထက် ပိုမိုစည်ကားနိုင်သည်ဟု ဒေသခံများက ခန့်မှန်းထားသည်။ အဘယ်ကြောင့်ဆိုသော် တစ်နှစ်လုံးတွင် တစ်ရက်တည်းသာကျင်းပသော ပွဲတော်ဖြစ်သည့်အပြင် အများသူငှာ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသော တနင်္ဂနွေနေ့ဖြစ်သောကြောင့်ပင်။

တောင်ပြုန်းပွဲနီးလာပြီဆိုလျှင် မန္တလေးမြို့တော် အနီးတစ်ဝိုက်တွင် နေထိုင်သူများက အိုးပုတ်ပွဲကို မျှော်ကြသည်။ မရောက်ဖူးသေးသူများက သွားရောက်လည် ပတ်ရန် စိုင်းပြင်းကြသကဲ့သို့ ရောက်ဖူးသူများကလည်း ထပ်မံနွှဲပျော်ရန် ဆော်ဩကြသည်။

အိုးပုတ်ပွဲကို မန္တလေးမြောက်ပြင်ရှိ အိုးဘို ရွှေကျင်ရပ်ကွက်၊ ပတ္တမြားတောရပ်၌ကျင်းပရာ ယင်းပွဲတော်သို့ ကျုံးမြောက်ဘက်၊ ၇၆ လမ်းအတိုင်းသွားနိုင်သကဲ့သို့ ကျုံးအနောက်ဘက်၊ လမ်း ၈၀ အတိုင်း သွားပြီး ညာဘက်ချိုးလျှင်လည်း ရောက်နိုင်သည်။

အိုးပုတ်ပွဲကို ယခင်က ၇၆ လမ်းပေါ် သံလမ်း မြောက်ဘက်ရှိ စည်သာလမ်းပေါ်တွင် ကျင်းပခဲ့သည်။ ဒေသခံများအခေါ် ခြောက်လမ်းသွားလမ်းကြီး ပေါ်လာပြီးနောက် အဆိုပါလမ်းပေါ်တွင်ပါ ခင်းကျင်းရောင်းချလာသောကြောင့် ပွဲတော်ဧရိယာ ပိုမိုကျယ်ပြန့်လာခဲ့သည်။

အိုးပုတ်ပွဲသည် ဘုရားပွဲလည်း မဟုတ်။ နတ်ပွဲလည်းမဟုတ်။ သို့သော် အလွန်စည်ကားသည်။ ဆယ့်နှစ်ပွဲဈေးသည်များ ခရီးတစ်ထောက်နားကာ ရောင်းချရာမှ ပွဲတော်ကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အိုးပုတ်ပွဲကျင်းပရာ ရပ်ကွက်အတွင်း၌ ဆေးရောင်တောက်တောက် အိုးပုတ်လေးများနှင့်အတူ မြေအိုးများ၊ သံထည်၊ အဝတ်အစား၊ ဂျုံဦးထုပ်၊ ကလေးကစားစရာများကို ရောင်းချလေ့ရှိသောကြောင့် စည်ကားသည်။

မြင်ဖူးနေကျ အိုးပုတ်ပုံစံများသာမက အဆန်းထွင်ထားသည့် အရုပ်လေးများလည်း ပါသည်။ ယုန်၊ ဆင်၊ ငါး၊ မိကျောင်း၊ ဇီးကွက်စသည့်  တိရစ္ဆာန်ရုပ်များသာမက ကြာပန်းပွင့်ပုံစံ ဆီမီးခွက်၊ ဖရုံသီးပုံစံစုဘူး၊ ဆွမ်းအုပ်၊ တစ်လက်မခန့်အရွယ်အစားရှိသည့် ပစ်တိုင်းထောင်စုဘူး စသည်ဖြင့် အရောင်စုံ၊ ပုံစံမျိုးစုံ တွေ့ရမည်ဖြစ်သည်။ 

ဆေးရောင်မခြယ်ထားသည့် ရေတကောင်း၊ ရေအိုး၊ အိုးပုတ်ပြောင်ပြောင်လေးများ ရှိသကဲ့သို့ မုန့်ပျားသလက်အိုး၊ ဟင်းချက်သည့် မြေအိုးများလည်း ရှိသည်။

အစဉ်အဆက် ကျင်းပလာသည်မှာလည်း နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သော်လည်း လူသိများထင်ရှားလာသည်မှာ ဆယ်စုနှစ်တစ်ခု ဝန်းကျင်သာရှိသေးသည်ဟု ထိုပွဲကျင်းပသည့်ရပ်ကွက်ဒေသခံတစ်ဦးက ဆိုသည်။ 

ရှေးအခါက အိုးပုတ်ခိုးပွဲ၊ အိုးပုတ်ခွဲပွဲဟု ခေါ်ဆိုခဲ့ကြရာမှ ယနေ့ခေတ်တွင် အိုးပုတ်ပွဲဟု ထင်ရှားလာခဲ့သည်။ အဆိုပါနာမည်များကလည်း ရာဇဝင်နှင့်ဖြစ်သည်။

အိုးပုတ်ပွဲတွင် လာရောင်းကြသည့် အိုးပုတ်များကို ပွဲတော်လာသူများက အပျော်သဘောခိုးကြသည်။ ပိုင်ရှင်ကသိ၍ နောက်ကလိုက်လျှင် ပြန်ပေးသည့် သူကပေးသည်။ သို့မဟုတ် ပြေးရင်းလွှားရင်း ခွဲကြသည်။ ထို့ကြောင့် အိုးပုတ်ခိုးပွဲ၊ အိုးပုတ်ခွဲပွဲဟု ခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။

ယနေ့ခေတ်အခါတွင်မူ အိုးပုတ်များ၏တန်ဖိုးမှာ ယခင်ကကဲ့သို့ ဈေးမသေးတော့။ အိုးပုတ်ရောင်းချသူ ဈေးသည်များကလည်း အဖော်အပေါင်းနှင့် လာကြသည်ဖြစ်၍ ခိုး၍လည်းမရ။ ခိုးလည်းမခိုးကြတော့။ အိုးပုတ်ခွဲချင်ပါကလည်း ပွဲတော်လာသူက ငွေပေါများသည်ဆိုလျှင် ကိုယ့်ပိုက်ဆံနှင့်ဝယ်ပြီး ခွဲမှသာရတော့မည်။

ဆယ့်နှစ်ပွဲဈေးသည်များအနေနှင့် ပွဲတော်တစ်ခုမှတစ်ခုသို့ ရေလမ်းမှအကူး မြစ်ဆိပ်ရှိသည့် အိုးဘို ရွှေကျင်ရပ်တွင် ခရီးတစ်ထောက်နားကြသည်။ ထိုသို့နားရာတွင် ပါလာသည့်ပစ္စည်းများကို ခင်းကျင်းရောင်းချခဲ့ရာမှ ဝါခေါင်လဆန်း ၈ ရက်နေ့ကို ရက်သတ်မှတ်ကာ အိုးပုတ်ပွဲတော် ကျင်းပလာခြင်းဖြစ်သည်။

“ဈေးသဘောမျိုးဖြစ်သွားရာကနေ အိုးပုတ်ပွဲဆိုတာ ဖြစ်လာတာ”ဟု ပတ္တမြားတောရပ် ကိုးနဝင်း ဓမ္မာရုံ ဂေါပကဥက္ကဋ္ဌ ဦးမြင့်သိန်းက ရှင်းပြသည်။

နံနက်ပိုင်းမှ ည ၁၀ နာရီခန့်အထိ ပွဲတော်တွင်း လည်ပတ်နိုင်သော အိုးပုတ်ပွဲ၏ ကြိတ်ကြိတ်တိုးစည်ကားသည်က မွန်းတည့် ၁၂ နာရီနောက်ပိုင်းမှ ဖြစ်သည်။ ရပ်ကွက်ဒေသခံများက ပွဲတော်လာဧည့်သည်များကို ဧည့်ခံကျွေးမွေးသည်မှာလည်း ထိုအချိန်မှ စတင်သည်။

“နေအေးရင် (နေသိပ်မပူတော့) ပိုဆိုးတယ်။ လမ်းသွားလို့မရအောင် ညပ်ပါသွားတာ”ဟု အိုးပုတ်ပွဲ ကျင်းပရာ ပတ္တမြားတောရပ်မှ ဒေသခံဦးမြင့်သိန်းက ပွဲတော်စည်ကားသည့်အကြောင်းကို ပြောပြသည်။

ပွဲတော်ကို အေးအေးဆေးဆေးလည်ပတ်ချင် သူများအနေနှင့် မနက်ပိုင်းက ပိုမိုသင့်တော်သည်။ သို့သော် ညနေပိုင်းမှသာ ပွဲတော်၏စည်ကားမှုကို အပြည့်အဝခံစားရမည်ဖြစ်သည်။

ပွဲတော်ကျင်းပသည့်နေရာက ရပ်ကွက်တစ်ခုတည်းဖြစ်သော်လည်း အနီးအနားရပ်ကွက်များကလည်း ဖိတ်ခေါ်ကျွေးမွေးသည်။ မုန့်ဟင်းခါး၊ ကြာဆံဟင်း၊ ဆနွင်းမကင်း၊ ငှက်ပျောပေါင်းတို့ဖြစ်သည်။ ထမင်းကျွေးသူလည်း ရှိသည်။

ပွဲတော်ကို သီးသန့်လာရောက်သူ၊ ဒေသခံများက ဖိတ်ခေါ်သောကြောင့် လာရောက်သူတို့ဖြင့် ပွဲခင်းအတွင်း ကြိတ်ကြိတ်တိုးစည်ကားသည်။ ဒေသခံများ၏ အိမ်သို့ဝင်ရန် လမ်းပင်မရှိ။ ခင်းကျင်းရောင်းချသည့် ဈေးသည်များနှင့် ပွဲတော်လာသူများက ပွဲခင်းအတွင်း အပြည့်။

အိုးပုတ်ပွဲ၏ သင်္ကေတဟုပြောနိုင်သော ကျောက်ခက်ပန်းခွေများကို ဝယ်ယူပန်ဆင်နိုင်သကဲ့သို့ ပွဲတော်တွင်း တစ်ရက်သာ လာရောက်ရောင်းချသော မုန့်ခေါပြင်ကိုလည်း မြည်းစမ်းကြည့်ရန် ဒေသခံတို့က တိုက်တွန်းသည်။

အခြားသော မြန်မာမုန့်များဖြစ်သည့် မုန့်လင်မယား၊ မုန့်သိုင်းခြုံ၊ မုန့်ပျားသလက်နှင့် ချွေတာရေးမုန့်သည်များရှိသကဲ့သို့ တစ်ခါတစ်ရံ ရှောက်ပန်းသီးများပင် လာရောက်ရောင်းချတတ်သည်ဟုလည်း ဆိုသည်။

ဈေးသည်များ စုံလင်သကဲ့သို့ နေရာစုံမှလူများ လာရောက်လည်ပတ်တတ်သောကြောင့် လောင်းကစားဝိုင်းများ ခင်းကျင်းလုပ်ကိုင်ခြင်းကို ယင်းပွဲဖြစ်မြောက် ရေးကော်မတီက ခွင့်မပြုထားသကဲ့သို့ ပွဲတော်အတွင်း တုတ်၊ ဓား၊ လက်နက်များဆောင်ခြင်းမပြုရန်လည်း ကြေညာချက်ထုတ်ပြန်ထားသည်။ 

အိုးပုတ်ပွဲကို အစဉ်အဆက်ကျင်းပလာခဲ့သည်မှာ နှစ် ၁၀၀ နီးပါးရှိပြီဖြစ်ရာ မိုးဘယ်လောက်ရွာရွာ ပွဲတော်မဖြစ်သည့်နှစ် မရှိခဲ့။ မိုးသည်းသောကြောင့် လူကျဲသော်လည်း မိုးစဲပါက ပြန်စည်သွားသည်။ H1N1 ကူးစက်ရောဂါကြောင့် တောင်ပြုန်းပွဲတော် ကျင်းပရန် ရက်ရွှေ့ဆိုင်းခံရသည့်နှစ်ကပင် အိုးပုတ်ပွဲကို အစဉ်အလာမပျက် ကျင်းပနိုင်ခဲ့ပြီး ရုပ်ရှင်သရုပ် ဆောင်အေးမြတ်သူပင် လာရောက်လည်ပတ်ခဲ့သေးသည်။

အိုးပုတ်ပွဲတော်တွင် ရောင်းချသည့်ဈေးသည်များကို ဂေါပကအဖွဲ့က နေရာချထားပေးခြင်းမဟုတ်။ အိမ်ရှင်နှင့် နားလည်မှုယူကာ ဆိုင်ထွက်ကြခြင်းဖြစ်သည်။ အိမ်ရှင်နှင့်အိုးပုတ်သည်က ပုံမှန်ဖောက်သည်ကဲ့သို့ပင် ဖြစ်နေပေပြီ။

“ဘယ်လောက်ရမှရယ်လို့ သတ်မှတ်မထားဘူး။ သူတို့ (အိုးပုတ်သည်) အဆင်ပြေရင်ပြေသလို ပေးသွားတယ်။ သူတို့ဆီကရတဲ့ပိုက်ဆံနဲ့ ဦးလေးတို့က ကန်တော့ပွဲပြန်ထိုးပေးတယ်”ဟု အိမ်ရှင်ဦးမြင့်သိန်းက အိုးပုတ်သည်နှင့် ဆက်ဆံရေးကို ရှင်းပြသည်။

ပွဲတော်ရက်ပြီးသွားတော့လည်း ပါလာသည့် အိုးပုတ်မကုန်သေးဟုဆိုကာ ဆိုင်ဆက်ဖွင့်သူတွေရှိသောကြောင့် ဝါခေါင်လဆန်း ၁၁ ရက်မှပင် လမ်းရှင်းသွားတော့သည်ဟု ၎င်းက ရှင်းပြသည်။

မည်သို့ဆိုစေ ဩဂုတ်လ ၁၉ ရက်နေ့တွင် အိုးဘို ရွှေကျင်ရပ်ကွက်၊ ပတ္တမြားတောရပ်ရှိ အိုးပုတ်ပွဲတော်သည် ဓာတ်ပုံရိုက်သူ ချစ်စရာအိုးပုတ်လေးများ ဝယ်ယူရန်စိတ်ကူးများဖြင့် လာရောက်သူများဖြင့် စည်ကားမြဲ စည်ကားနေဦးမည်ပင် ဖြစ်သည်။ 

အေးစုမွန်