News

POST TYPE

NEWS

မမီးမီး၏ရုပ်တုကို နာရေးကူညီမှုအသင်း၌ထားမည်
18-Aug-2018 tagged as ၈၈ ပွင့်လင်း


ရန်ကုန်၊ ဩဂုတ် ၁၈

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကွယ်လွန်သူ မမီးမီးအတွက် ဂုဏ်ပြုရုပ်တုကို လူငယ်ပရဟိတမျိုးဆက်များ စံနမူနာအဖြစ် အတုယူနိုင်စေရန် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ထားရှိမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။

“မမီးမီးကို ဂုဏ်ပြုတာလည်းပါတယ်။ လေးစားတာလည်းပါတယ်။ သူက နိုင်ငံရေးလှုပ်ရှားပေမယ့် ကျွန်တော်တို့ ပရဟိတအသင်းမှာ ထဲထဲဝင်ဝင် အမြဲတမ်းပါတယ်။ နောက်မျိုးဆက်သစ်တွေ စံနမူနာအနေနဲ့ အတုယူဖို့ အသင်းရုံးမှာ ထားတာပါ။ လူငယ်ပရဟိတသမားတွေလည်း သူ့ကို ထိတွေ့မှုရှိနေမယ်။ မြင်တွေ့နေရမယ်”ဟု ဦးကျော်သူကဆိုသည်။

မမီးမီးသည် ဒီမိုကရေစီအရေး၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေးနှင့် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှစ၍ မကွယ်လွန်ခင် အချိန်အထိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် အမျိုးသမီးဌာန ဒုတိယတာဝန်ခံအနေနှင့် လုပ်ဆောင်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ ၁၃ ရက် ညနေ ၅ နာရီ ၂၀ မိနစ်က ပုသိမ်မြို့မှ ရန်ကုန်မြို့အပြန်၌ ယာဉ်မတော်တဆဖြစ်ကာ ကွယ်လွန်ခဲ့သည်။

အဆိုပါရုပ်တုအတွက် နာမည်ကျော် ပန်းပုဆရာ ဦးကျော်ကျော်မင်းထံ အပ်နှံထားပြီး ယခုနှစ် နိုဝင်ဘာလ၌ ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားပြီး နာရေးကူညီအသင်း (ရန်ကုန်) ရုံးဝင်ပေါက် မြက်ခင်းပြင်တွင် ထားရှိမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်။

ဂုဏ်ပြုရုပ်တု၏ အရွယ်အစားအရ သာမန်လူကိုယ်ထည်ထက် ကြီးမည်ဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းဖြစ်သည့် ရင်ညွှန့်အထိ ထည့်သွင်းသွန်းလုပ်ရန် စီစဉ်ထားကြောင်း၊ ထို့အပြင် အောက်ခံအုတ်ခုံ၌ ကမ္ပည်းရေးထိုးကာ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)ထံမှ သိရသည်။

“ဂုဏ်ပြုထိုက်တဲ့ အမျိုးသမီးတစ်ယောက်ပဲ။ စိတ်ဓာတ်နဲ့ ရပ်တည်ချက်က လေးစားစရာလည်း ကောင်းတယ်”ဟု စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က မှတ်ချက်ပြုသည်။

ထို့အပြင် ကွယ်လွန်သူ ပန်းရဲ့လမ်းအဖွဲ့ မှ ဦးရဲလွင်နှင့် ပရဟိတလုပ်ရာမှ ယာဉ်မတော်တဆမှုဖြစ်၍ ကွယ်လွန်ခဲ့သည့် နာရေးကူညီမှုအသင်းမှ ဦးတင်မောင်ထွန်းတို့၏ ဂုဏ်ပြုရုပ်တုများကိုပါ ထားရှိသွားမည်ဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံး၌ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ အပါအဝင် ဂုဏ်ပြုရုပ်တု လေးခုအထိ ရှိလာမည်ဖြစ်သည်။

J-17