News

POST TYPE

NEWS

ပေါ်ပြူလာဆုမရ၍ မယ်စကြဝဠာဆုပြန်အပ်
18-Aug-2018


ကျိုင်းတုံ၊ သြဂုတ် ၁၈

အွန်လိုင်းဗုတ်တင်အရ အမှတ်အများဆုံးရသော်လည်း ပေါ်ပြူလာဆု မရသောကြောင့် ရရှိခဲ့သည့်ကျိုင်းတုံမယ်စကြဝဠာဆု (အလှမယ်ဆု) ကို ပြိုင်ပွဲကျင်းပရေးအဖွဲ့ထံ သြဂုတ် ၁၇ ရက် ညနေပိုင်းတွင် ပြန်အပ်ခဲ့ကြောင်း မယ်စကြဝဠာဆုရွေးချယ်ခံရသူ နန်းဖြူဖောင်းကျောက်က ပြောကြားသည်။

“အမှတ်တစ်ထောင်ကျော် ကွာနေတာကို သူတို့အနေနဲ့ကျေနပ်လောက်အောင် သေချာမရှင်းပြနိုင်တဲ့အတွက် ဆုကိုပြန်အပ်လိုက်တာပါ။ သမီးက အဲဒီ (ပေါ်ပြူလာ) ဆုကို (အလှမယ်ဆုထက်) ပိုလိုချင်တယ်”ဟု အလှမယ် နန်းဖြူဖောင်းကျောက်က ပြောကြားသည်။

ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ကျိုင်းတုံလူငယ်စင်တာ ဥက္ကဋ္ဌ ဒေါက်တာယုစန္ဒာမိုးက သူ့အနေနှင့် ပေါ်ပြူလာဆုအတွက် အခြားအလှမယ်များထက်အမှတ်များသော်လည်း နောက်ဆုံးရက်တွင် ပွဲခင်းအတွင်းရောင်းချသည့် ဗုတ်တင်အမှတ် လျော့နည်း၍ ပေါ်ပြူလာဆု မရခြင်းဖြစ်ကြောင်း၊ အလှမယ်ဆုကိုလည်း ပြန်မအပ်ရန် ညှိနှိုင်းခဲ့သေးကြောင်း ရှင်းလင်းသည်။

ဒုတိယအကြိမ်အဖြစ် ဇူလိုင်လတတိယပတ်ကကျင်းပသည့် ၂၀၁၈ ခုနှစ် အလှမယ်အဖြစ် ကျိုင်းတုံတက္ကသိုလ်ကျောင်းသူ နန်းဖြူဖောင်းကျောက် ရွေးချယ်ခံရသော်လည်း ဆုပြန်အပ်၍ 1st Runner ဆုရှင် နန်းဂျူလှိုင်ထွန်းကို အလှမယ်ဆုလွှဲပြောင်းပေးအပ်ပြီး ရန်ကုန်တွင်ကျင်းပမည့် ပြိုင်ပွဲ၌ ထမ်မံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့ထံမှ သိရှိရသည်။

R-16


  • VIA