News

POST TYPE

NEWS

ဗန်းမော်-လွယ်ဂျယ်လမ်း ကားကြီးများဖြတ်သန်းမှု ယာယီပိတ်ထားမည်
18-Aug-2018

ဗန်းမော် - သြဂုတ် ၁၈

ဗန်းမော်-လွယ်ဂျယ်ကားလမ်းတွင် ဆယ်ဘီးနှင့်အထက်ယာဉ်များသွားလာမှုကို သြဂုတ် ၂၁ ရက်မှစ၍ အောက်တိုဘာ ၁၅ ရက်အထိ နှစ်လခန့် ယာယီပိတ်ထားမည်ဖြစ်ရာ ယနေ့ သြဂုတ် ၁၈ ရက်တွင် အသိပေးမှုစတင်ပြုလုပ်နေကြောင်း ဗန်းမော်ခရိုင် လမ်းဦးစီးဌာနထံမှ သိရှိရသည်။ 

မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ထိုကားလမ်းသည် လမ်းပုခုံးများပြိုကျခြင်း၊ နိမ့်ကျခြင်း၊ တောင်ပြိုခြင်း မကြာခနဖြစ်နေသဖြင့် လမ်းသားကျဉ်းမြောင်းလာပြီး ယာဉ်ကြီးများသွားလာပါက ပိုပျက်စီးနိုင်သည့်အပြင် အန္တရာယ်လည်းရှိသောကြောင့် ယာယီပိတ်ထားရန်စီစဉ်ခြင်းဖြစ်ကြောင်း မိုးမောက်မြို့နယ် လမ်းဦးစီးဌာန အင်ဂျင်နီယာ (၂) ဦးဇင်ဘိုမောင်က ပြောကြားည်။

လမ်းပိုင်းနေရာတွင် ပျက်စီးမှုများကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် ကားသမားတစ်ဦးက “လွယ်ဂျယ်မရောက်ခင် စိန်လုံအနီးမှာ လမ်းကတစ်ခြမ်းပဲ့ကျသွားပြီး အောက်ဘက် ချောက်ကမ်းပါးကြီးက နက်တယ်။ ကားဘီးတောင်ချလို့မရနိုင်လောက်အောင် ကျဉ်းနေပါတယ်”ဟု ပြောကြားသည်။

ကားကြီးများဖြတ်သန်းမှု ယာယီပိတ်ထားခြင်းကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေပြီး ယာဉ်မောင်းများ၊ ကုန်တင်ကုန်ချလုပ်သားများအတွက် လုပ်ငန်းအခက်တွေ့နိုင်ကြောင်း ဒေသထွက် ဆန်၊ ပျောင်း၊ နှမ်းကုန်သည်များက ပြောဆိုကြသည်။

ယင်းလမ်းပိုင်းသည် နိုင်ငံတော်အတွက် ဝင်ငွေရ အထူးအားထားရသောလမ်းမကြီး ဖြစ်ကာ ဗန်းမော်မှလွယ်ဂျယ်သို့ အတက်အဆင်းလမ်းမိုင် ၅၈ မိုင်ရှိပြီး မိုးရာသီကာလများတွင်ကားအစီးရေ ၄၀ ခန့်သာ အတက်အဆင်းပြုလုပ်သော်လည်း ပွင့်လင်းရာသီကာလများတွင် ကားအစီးရေ ၇၀၀ ခန့်ထိ အသုံးပြုကြောင်း ပုဂ္ဂလိက မော်တော်ယာဉ်များအသင်းရုံးမှ စုံစမ်းသိရှိရသည်။ 

R-14