News

POST TYPE

NEWS

အီးစီးကရက်အငွေ့ ရှူခြင်းသည် အရေးကြီးသော ကိုယ်ခံအားစနစ်ဆဲလ်များကို ထိခိုက်စေနိုင်
17-Aug-2018



လန်ဒန်၊ ဩဂုတ် ၁၆

အီးစီးကရက် (E-Cigarette) ဆေးလိပ်ငွေ့ ရှူခြင်းသည် အရေးကြီးသော ကိုယ်ခံအားစနစ်ဆဲလ်များကို ထိခိုက်စေသည့်အပြင် ယခင်ကယူဆထားသည်ထက် ပိုမိုအန္တရာယ်ရှိသည်ဟု သုတေသန အစီရင်ခံစာတစ်စောင်က တင်ပြထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အီးစီးကရက်အငွေ့သည် အဆုတ်အတွင်းရှိ အရေးကြီးသောခုခံအားစနစ် ဆဲလ်များကို ပျက်စီးစေပြီးပိုမိုရောင်ရမ်းမှုဖြစ်စေသည်ဟု ပညာရှင်များက တွေ့ရှိခဲ့သည်။

အီးစီးကရက်ကဘေးကင်းသည်ဟု အများလက်ခံထားသည့် အယူအဆနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း သုတေသနပညာရှင်များက သတိပေးသည်။

သို့ရာတွင် အီးစီးကရက်သည် ဆေးလိပ်ထက်များစွာ ဘေးကင်းသောကြောင့် ဆေးလိပ်ဖြတ်ရန်အတွက် အစားထိုးရာတွင် မနှောင့်နှေးသင့်ကြောင်း အင်္ဂလန် လူထုကျန်းမာရေးဌာနက အကြံပြုထားသည်။

ယခင်လေ့လာမှုများတွင် အီးစီးကရက်အရည်၏ ဓာတုပစ္စည်းပါဝင်မှုကို အဓိကထားခဲ့ကြသည်။ ယခုအသေးစား လေ့လာမှုကို ဘာမင်ဂမ်တက္ကသိုလ်မှ ပါမောက္ခ ဒေးဗစ်သစ်ကက်က ဦးဆောင်ကာ သုတေသနပြုခဲ့ပြီး အွန်လိုင်းတွင် ထုတ်ပြန်ပေးခဲ့သည်။

ယခုလေ့လာမှုတွင် ဓာတ်ခွဲခန်းအတွင်း၌ အီးစီးကရက်အငွေ့ ရှူသွင်းသည့် ကိရိယာတစ်ခုကို ပညာရှင်များက တပ်ဆင်ခဲ့ကြပြီး ဆေးလိပ်မသောက်သူရှစ်ဦးက လှူဒါန်းသော အဆုတ်တစ်ရှူးအချို့ကို အသုံးပြုကာ လေ့လာခဲ့ကြသည်။

အီးစီးကရက်အငွေ့သည် အဆုတ်အတွင်း၌ ဖုန်မှုန့်များ၊ ဗက်တီးရီးယားများနှင့် အမှုန်များကိုဖယ်ရှားပေးသည့် macropharge ဆဲလ်များကို ရောင်ရမ်းစေပြီး လုပ်ဆောင်ချက်ကိုပျက်စီးစေသည်ဟု သုတေသနပညာရှင်များက တွေ့ရှိခဲ့ကြသည်။

အချို့ဆိုးကျိုးများမှာ ဆေးလိပ်ပုံမှန်သောက်သူများ၊ နာတာရှည် အဆုပ်ရောဂါရှိသူများတွင် တွေ့ရသောလက္ခဏာများနှင့် အတူတူပင်ဖြစ်သည်ဟု သိရှိရသည်။

ယခုတွေ့ရှိချက်များသည် ဓာတ်ခွဲခန်းတွင် ၄၈ နာရီအတွင်းပြောင်းလဲမှုများကို မှတ်တမ်းခြင်းဖြစ်ပြီး နောက်ထပ်သုတေသနပြုရန် လိုအပ်သည်ဟု သုတေသနအဖွဲ့က ပြောကြားသည်။

ဖေဖော်ဝါရီလကထုတ်ဝေခဲ့သော အင်္ဂလန် လူထုကျန်းမာရေးဌာနအစီရင်ခံစာတွင်မူ အီးစီးကရက်သည် အန္တရာယ်ကင်းကြောင်း၊ နံဘေးနားမှ လူများကိုလည်း ဘေးသင့်စေခြင်းမရှိကြောင်း၊ ဆေးလိပ်ဖြတ်ရန် အစားထိုးရာတွင် အောင်မြင်မှုရလျက်ရှိကြောင်း တင်ပြထားသည်။

လတ်တလောတွင် သုတေသနကို ဦးဆောင်ခဲ့သော ပါမောက္ခသစ် ကက်ကမူ အီးစီးကရက်သည် ဆေးလိပ်ထက် ပိုမိုဘေးကင်းသော်လည်း ရေရှည်တွင် ဘေးဖြစ်စေနိုင်ကြောင်း၊ သို့ရာတွင် ကင်ဆာဖြစ်စေနိုင်သော carcinogens အရေအတွက်မှာမူ ဆေးလိပ်ကဲ့သို့ မဟုတ်ဘဲ များစွာလျော့နည်းကြောင်း ရှင်းလင်းပြောကြားသည်။

“အီးစီးကရက်က ကင်ဆာရောဂါ အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမဲ့ နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်လောက် ရှူရင်တော့ နာတာရှည် အဆုတ်ပြွန်ပိတ်ဆို့မှုရောဂါတွေ ဖြစ်လာနိုင်ပါတယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

လူထုကျန်းမာရေးဌာနမှ ဆေးရွက်ကြီးထိန်းချုပ်ရေး ဦးဆောင်သူမာတင် ဒေါက်ရဲလ်က “အီးစီးကရက်တွေက ရာနှုန်းပြည့်တော့ ဘေးမကင်းဘူးပေါ့။ ဒါပေမဲ့ ဆေးလိပ်ထက်တော့ အများကြီးဘေးကင်းပါတယ်။ ဆေးလိပ်သမားတွေအနေနဲ့ အီးစီးကရက် ပြောင်းသောက်မယ်ဆိုရင် နှောင့်နှေးမနေသင့်ဘူး”ဟု ပြောကြားသွားသည်။ 

F-04