News

POST TYPE

NEWS

ဆိုင်ကယ်ဝင်တိုက်၍ လမ်းလျှောက်လာသည့် အမျိုးသမီး သေဆုံး
16-Aug-2018
ပြည်၊ ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်မြို့တွင် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးကို အနောက်ဘက်မှ မောင်းနှင်လာသည့်ဆိုင်ကယ်က ဝင်တိုက်မှုကြောင့် လမ်းလျှောက်လာသူ သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းသူမှာ ထွက်ပြေးသွားကြောင်း ပြည်မြို့မရဲစခန်းထံမှ သိရသည်။

ဩဂုတ်လ ၁၆ ရက်နေ့ နံနက်က ပြည်မြို့၊ နဝဒေးရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးတွင် ဆင်မကြပ်လမ်းဆုံဘက်မှ နိဗ္ဗာန်လမ်းဆုံဘက်သို့ လမ်းလျှောက်နေသော အသက် ၆၇ အရွယ်အမျိုးသမီးကို လားရာတူမှ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးက နောက်မှဝင်တိုက်မိခဲ့သဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လမ်းလျှောက်လာသူကတော့ နေရာမှာပဲ သေဆုံးသွားပါတယ်။ ဝင်တိုက်သွားသူကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်”ဟု ပြည်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်မြို့မရဲစခန်းက ယာဉ်(ပ) ၅၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)/ ၂၀၂ ဖြင့် အမှုဖွင့်ကာ အနီးပတ်ဝန်းကျင်မြင်တွေ့နိုင်မည့် မျက်မြင်သက်သေများ စုံစမ်းစစ်ဆေးခြင်း၊ တိုးဂိတ်များရှိ CCTV မှတ်တမ်းများ စစ်ဆေးခြင်းတို့ကိုပြုလုပ်ကာ ထွက်ပြေးသွားသူကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-06