News

POST TYPE

NEWS

ပထမဆုံး မြန်မာ့ရိုးရာစဥ့်ထည်ပြပွဲ ဧည့်သည်သုံးထောင်ကျော် လာရောက်
16-Aug-2018

ရန်ကုန်၊ ဩဂုတ် ၁၆

ပထမဆုံးအကြိမ်အဖြစ် ပုဂံခေတ်မှစ၍ေ ခတ်အဆက်ဆက် ပြောင်းလဲအသုံးပြုခဲ့သည့် စဥ့်ထည်အနုပညာပစ္စည်းများပြပွဲသို့ ပြည်တွင်း၊ပြည်ပဧည့်သည် သုံးထောင်ကျော် တက်ရောက်ခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (နေပြည်တော်) စာရင်းများအရ သိရသည်။

“ပြတိုက်တွေမှာ ဒီလို ထူးခြားတဲ့ပြပွဲတွေ မကြာခဏလုပ်သင့်တယ်။ အခုလို လှုပ်ရှားမှုတွေကတစ်ဆင့် ပြည်သူတွေအကြား အမျိုးသားပြတိုက်တွေကို ရင်းနှီးကျွမ်းဝင်မှု ရှိလာမှာ”ဟု အဆိုပါပြပွဲတက်ရောက်ခဲ့သည့် ဧည့်လမ်းညွှန်တစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ခန့်မှ၍ စဥ့်ထည်အနုပညာကို စတင်တွေ့ရှိရပြီး စဥ့်ပညာနှင့်အတူ မြန်မာ့ရိုးရာအိုးလုပ်ငန်းလည်း ထင်ရှားခဲ့သည်။

“ပြတိုက်မှာက စဥ့်ထည်ပစ္စည်းကို ထိန်းသိမ်းထားတာပဲရှိတယ်။ ပြခန်း၊ ပြကွက်အနေနဲ့ မရှိသေးဘူး။ ဒါကြောင့် အများပြည်သူသိအောင် စဥ့်ထည်ပြပွဲကို သီးသန့်ကို ပထမဆုံးလုပ်တာပါ”ဟု နေပြည်တော် အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက ဆိုသည်။

စဥ့်ထည်အထူးပြပွဲသို့ နိုင်ငံခြားသားဧည့်သည် နှစ်ရာကျော်နှင့် ကျောင်းသားကျောင်းသူများအပြင် ပြည်တွင်းခရီးသွားဧည့်သည် နှစ်ထောင်ခန့် လာရောက်လေ့လာခဲ့ကြောင်း ၎င်းထံမှ ဆက်လက်သိရသည်။

စဥ့်ထည်အနုပညာပစ္စည်းများပြပွဲကို ပုဂံခေတ်၊ ဟံသာဝတီခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်နှင့် ယနေ့ခေတ်လက်ရာများ အပါအဝင် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ရှားပါးထင်ရှားသည့် ပစ္စည်းများ အပါအဝင် ပစ္စည်းအမျိုးပေါင်း ၁၅၀ ကျော်ကို ဇူလိုင်လ ၁၅ ရက်မှ ဩဂုတ်လ ၁၄ ရက်အထိ နေပြည်တော် အမျိုးသားပြတိုက်တွင် အခမဲ့ ပြသခဲ့ခြင်းဖြစ်သည်။

မြန်မာ့စဉ်ထည်အနက်ရောင် မုတ္တမအိုးကြီးများကို အေဒီ ၁၄ ရာစုခန့်တွင် တွင်ကျယ်စွာ အသုံးပြုပြီး အေဒီ ၁၆ ရာစုခန့်တွင် ပင်လယ်ရပ်ခြားတိုင်းပြည်များအထိ တင်ပို့ရောင်းချမှုရှိခဲ့ကြောင်း သမိုင်းဆိုင်ရာ အထောက်အထားများ ရှိခဲ့သည်။

J-14