News

POST TYPE

NEWS

အီတလီတွင် မိုးပျံတံတားကြီးတစ်စင်း ပြိုကျ၊ လူဒါဇင်နှင့်ချီသေဆုံးပြီး မြောက်မြားစွာဒဏ်ရာရ
16-Aug-2018



ရောမ၊ ဩဂုတ် ၁၅

အီတလီနိုင်ငံ အနောက်မြောက်ဘက် ဂီနိုအာမြို့ရှိ မိုးပျံတံတားကြီးတစ်စင်း ကြောက်ခမန်းလိလိ ပြိုကျသွားခဲ့ရာ အနည်းဆုံးလူ ၃၈ ဦး သေဆုံးပြီး အမြောက်အမြား ဒဏ်ရာရရှိသွားကြောင်း၊ တံတားအပြိုအပျက်များအောက်တွင် ပိတ်မိနေနိုင်သူများက အီတလီကယ်ဆယ်ရေးအဖွဲ့က အပူတပြင်း ရှာဖွေလျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အီတလီရဲတပ်ဖွဲ့အဆိုအရ လူ ၁၅ ဦးမှာ ဒဏ်ရာဆိုးရွားစွာရရှိသွားခဲ့ပြီး တံတားပြိုကျမှုကြောင့် မော်တော်ယာဉ်အစီးရေ ဒါဇင်နှင့်ချီကာ ၄၅ မီတာအမြင့်မှ အောက်သို့ပြုတ်ကျသွားခဲ့သည်။ 

သတင်းပေးပို့ချက်များအရ တံတားအပြိုအပျက်များ၊ ကွန်ကရစ်တုံးကြီးများ အောက်ဘက်မှ အော်ဟစ်ငိုကြွေးသံများ ကြားနေရကြောင်း၊ လူ ၁၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ 

တံတားပြိုကျသည့်နေရာတွင် မီးသတ်သမားအင်အား ၃၀၀ ခန့်က အနံ့ခံခွေးများ၊ အမြင့်တက်သည့် ကိရိယာများ၊ ဝတ်စုံများအသုံးပြုကာ ရှာဖွေလျက်ရှိသည်။ 

“ကျွန်တော်တို့ မျှော်လင့်ချက်ကို လက်လျှော့မှာမဟုတ်ပါဘူး” ဟု မီးသတ်အရာရှိ အီမန်နျူလာဂီဖီက ပြောကြားပြီး ၎င်းတို့မီးသတ်တပ်ဖွဲ့အနေနှင့် ပိတ်မိနေသူအားလုံးကို မကယ်တင်နိုင်သေးသရွေ့ ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်နားမည်မဟုတ်ဟု ဆိုသည်။ 

တံတားပြိုကျသွားပြီးနောက် ကျန်ရှိသည့်အစိတ်အပိုင်းများ ထပ်မံပြုတ်ကျလာနိုင်သည်ဟူသော စိုးရိမ်မှုများ ကြီးထွားနေသည့်ကြားမှ တံတားအောက်ဘက်နေရာရှိ လူရာပေါင်းများစွာကို အာဏာပိုင်များက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ 

အခြားဥရောပသတင်းဌာနများ ဖော်ပြချက်အရ တံတားပြိုကျမှုကြောင့် လူပေါင်းဒါဇင်နှင့်ချီကာ သေဆုံးသွားခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိသူ ဦးရေမှာလည်း အမြောက်အမြားပင်ဖြစ်သည်။ 

၁၉၆၀ ပြည့်နှစ်များအတွင်း တည်ဆောက်ခဲ့သည့် အဆိုပါတံတားသည် မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်နှုန်း ပြင်းထန်ချိန်တွင် ပြိုကျသွားခြင်းဖြစ်သော်လည်း ကြံ့ခိုင်မှုပိုင်း အားနည်းချက်ကြောင့် ဖြစ်နိုင်သည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိသည်။ ယင်းတံတားသည် မြစ်တစ်စင်း၊ ရထားလမ်းများနှင့် အဆောက်အအုံများကို ဖြတ်ကျော်တည်ဆောက်ထားခြင်းဖြစ်ပြီး အီတလီနှင့် ပြင်သစ်နိုင်ငံတောင်ပိုင်းတို့ ဆက်သွယ်ရေးအတွက် အဓိက အရေးပါသည်။ 

DW သတင်းဌာနက ထုတ်ပြန်သော မှတ်တမ်းများအရ ယင်းတံတားသည် ၁၉၆၀ ပြည့်နှစ်များအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က ပြန်လည် ပြုပြင်မွမ်းမံခဲ့သည်။ 

အီတလီဝန်ကြီးချုပ် ဂူဆာပါကွန်တီသည်လည်း တံတားပြိုကျရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့သည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒါနီလိုတိုနီလီက ယင်းတံတားပြိုကျမှုသည် လွန်စွာဆိုးရွားသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်ကြောင်း ပြောကြားပြီး ဖြစ်စဉ်တစ်ခုချင်းစီကို အနီးကပ်စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။ 

မျက်မြင်သက်သေတစ်ဦးက တံတားပြိုကျချိန်တွင် မော်တော်ယာဉ် ရှစ်စီး ကိုးစီးခန့် ပြုတ်ကျသွားသည်ကို တွေ့မြင်ခဲ့ရကြောင်း အီတလီရုပ်သံ SkyTG24 သို့ ပြောကြားသည်။ 

“တကယ့်ကို ကမ္ဘာပျက်တဲ့မြင်ကွင်းကို တွေ့ရသလိုပါပဲ” ဟု ၎င်းက မှတ်ချက်ပေးသွားသည်။ 

ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်သည် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ပထမဆုံးဝမ်းနည်းကြေကွဲကြောင်းဖော်ပြသည့် နိုင်ငံတကာခေါင်းဆောင်ဖြစ်ခဲ့သည်။ Twitter အကောင့်တွင် ၎င်းက “သေဆုံးသွားသူတွေ၊ ထိခိုက်ဒဏ်ရာရသွားသူတွေ၊ သူတို့ရဲ့ မိသားစုဆွေမျိုးတွေ၊ အီတလီ ပြည်သူတွေနဲ့ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်။ သူတို့အကြောင်းပဲတွေးနေမိပါတယ်” ဟု ပြောကြားပြီး ပြင်သစ်အနေနှင့် အီတလီနှင့်အတူရပ်တည်ပြီး လိုအပ်သည့် ပံ့ပိုးမှုများကို ပေးအပ်ရန် အသင့်ရှိသည်ဟု ဖော်ပြသည်။

F-01