News

POST TYPE

NEWS

နှစ်လကျော်အတွင်း ယာဉ်မောင်းလိုင်စင်အတု ၃၀ လာရောက်အပ်နှံ
15-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၅

ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်ထားသူများ ကညန(ရန်ကုန်တိုင်း)ကို လာရောက်အပ်နှံရန် ကြေညာခဲ့သည့် အချိန်မှစ၍ နှစ်လကျော်အတွင်း လိုင်စင်အတု ၃၀ ခု လာရောက်အပ်နှံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။

“လိုင်စင်အတု ကိုင်ဆောင်ထားမိရင် လာအပ်နှံပါ။ လာအပ်နှံတဲ့သူကို အရေးမယူပါဘူး။ စစ်ဆေးလို့ ဖမ်းဆီးမိရင်တော့ ထောင်ကျနိုင်တဲ့အထိ ရဲအရာရှိတွေက အရေးယူမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ဇွန်လ ၆ ရက်မှစ၍ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်နှင့် ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်ထားသူများကို ပြန်လည်အပ်နှံရန် သတိပေးကြေညာခဲ့ခြင်းဖြစ်ပြီး ဇွန်လမှ ဩဂုတ်လ ၁၅ ရက်အထိ လိုင်စင်အတု ၃၀ လာရောက်အပ်နှံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယာဉ်မောင်းများကို လိုင်စင် မှန်၊ မမှန် သက်ဆိုင်ရာခရိုင်၊ တိုင်းကညနရုံးများတွင် စစ်ဆေးဆောင်ရွက်နေပြီး ယာဉ်မောင်းလိုင်စင်အတု ကိုင်ဆောင်ထားမိသူများကို ယာဉ်မောင်းလိုင်စင်စာမေးပွဲ ပြန်လည် ဖြေဆိုခွင့်ပြုကာ လိုင်စင်မှန်ရရှိရေး ကူညီပေးနေကြောင်း ဦးလျန်ကျင့်မန်က ပြောကြားသည်။

“လာရောက်အပ်နှံထားတဲ့သူတွေကို လိုင်စင်အမှန်ရအောင် ဆောင်ရွက်ပေးထားတယ်။ နောက်သုံးလဆိုရင် လိုင်စင်အမှန်ကို သူတို့ရရှိတော့မှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆေးဖမ်းဆီးရာတွင် သက်သေခံလက်မှတ်နှင့် ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်သူ ၁၂ ဦး ဖမ်းဆီးရမိထားကာ လိုင်စင်အတု ကိုင်ဆောင်ထားသူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ လိမ်လည်မှုဖြင့် ပုဒ်မ ၄၂၀ အရ ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ရမည့်အပြင် ဒဏ်ငွေပါ ချမှတ်နိုင်ပြီး ပုဒ်မ ၄၂၆ အရ အကျိုးဖျက်ဆီးမှုဖြင့် ထောင်ဒဏ် သုံးလဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင် မှတ်ပုံတင်ပြုလုပ်သည့် မော်တော်ယာဉ်အစီးရေ ကိုးသိန်းကျော်ရှိပြီး ယာဉ်မောင်းလိုင်စင် ရှစ်သိန်းကျော် ထုတ်ပေးထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

J-06