News

POST TYPE

NEWS

ရခိုင်အခြေစိုက် သတင်းမီဒီယာရုံးခန်း ဖောက်ထွင်းခံရ
15-Aug-2018


စစ်တွေ ၊ ဩဂုတ် ၁၅

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်သော Development Media Group (DMG) ရုံး ဩဂုတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်းက ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၅၀ ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း အဆိုပါ ရုံးဝန်ထမ်းများထံမှ သိရသည်။

“ကျွန်တော်တို့ DMG ရုံးရဲ့ ခြံတံခါးကိုဖျက်ဝင်တာ၊ တံခါးပေါက်တွေ ပိတ်ထားပေမယ့် ဝရန်တာ တံခါးပေါက်တစ်ခုပွင့်နေတယ်။ ဘယ်လိုခိုးသွားလဲ ဆိုတာတော့ မသိရသေးဘူး”ဟု တာဝန်ခံ အယ်ဒီတာ ကိုမိုးဇော်မြင့်က ပြောသည်။

စစ်တွေမြို့ မြို့သူကြီးရပ်ကွက် ပန်းခြံလမ်းရှိ Development Media Group ရုံးခန်း ဖောက်ထွင်းခံရသဖြင့် ကွန်ပျူတာ လေးလုံး၊ တက်ဘလက် ၁ လုံး၊ ဆိုင်ကယ် ၂ စီး၊ ကျောပိုးအိတ်၊ ရုံးသော့နှင့် ဗီဒီယို ကင်မရာ တစ်လုံးနှင့် အခြားပစ္စည်းများကို ခိုးယူသွားကြောင်း၊ ဖောက်ထွင်းအခိုးခံရမှုနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ ရုံးအပေါ်မှာ အိပ်တော့ ကျွန်တော်နဲ့ နောက်တစ်ယောက်မှာ ဘေးနားမှာ ကွန်ပျူတာနဲ့ ဖုန်းကိုထားပြီး အိပ်နေတာ ဒါတွေကိုတော့ မခိုးသွားဘူး၊ ရုံးအောက်က ပစ္စည်းတွေကိုပဲ ခိုးသွားတာ”ဟု ရုပ်သံတာဝန်ခံ ချမ်းအေးနိုင်က ပြောသည်။

အလားတူ စစ်တွေမြို့ ရူပမြောက်ရပ်ကွက်၊ ငပိန်းလမ်းရှိ Development Media Group (DMG) အယ်ဒီတာချုပ် ဦးအောင်မင်းဦး၏အိမ်တွင် ခြံစည်းရိုး တံခါးဖျက်ဆီးခံရပြီး ဆိုင်ကယ်များ ခိုးယူရန် ပြင်ဆင်နေစဉ် ဝန်ထမ်းတစ်ဦးကတွေ့သဖြင့် အော်ဟစ်လိုက်၍ ထွက်ပြေးသွားကြောင်း ဦးအောင်မင်းဦးက ပြောသည်။

“မနက်မိုးလင်းတာနဲ့ ကျွန်တော်တို့ DMG ရုံး ဖောက်ထွင်းခံရတယ်လို့ ပြောတယ်။ ဒါက တိုက်ဆိုင်မှု မဟုတ်တော့ဘူး။ ကျွန်တော်တို့ကို ဦးတည်ပြီး ခိုးယူတယ်လို့ ယူဆရတယ်”ဟု DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ပြောသည်။

၂၀၁၅ ခုနှစ်ကလည်း DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦး စီးသောဆိုင်ကယ် အိမ်ရှေ့တွင် အခိုးခံရကြောင်း ၎င်းကပြောသည်။ 

R-22