News

POST TYPE

NEWS

ဆော်ဒီမဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သောကလေးငယ်များအတွက် ဈာပနအခမ်းအနားပြုလုပ်
15-Aug-2018


ဆာနာ၊ ဩဂုတ် ၁၄

ယီမင်နိုင်ငံမြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီးကို ဆော်ဒီမဟာမိတ်များက လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးခဲ့ရသော ကလေးများအား မြေချသည့် အခမ်းအနားသို့ တနင်္လာနေ့က လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ဆာဒါဒေသရှိဒါယန်းမြို့တွင် ဈေးအနီးမှဖြတ်မောင်းသွားသော ဘတ်စ်ကားကို လေကြောင်းမှတိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး ကလေး ၄၀ သေဆုံးသွားခဲ့သည်ဟု ၎င်းဒေသကိုထိန်းချုပ်ထားသော ဟူသီသူပုန်များက ပြောကြားသည်။

အဝတ်ဖြူပတ်ထားသော အလောင်းများကို မြေချသည့်နေရာသို့ ဟူသီသူပုန် အမှတ်တံဆိပ်ကပ်ထားသောကားများက သယ်ပို့ပေးခဲ့သည်။ အသုဘအခမ်းအနားသို့ တက်ရောက်လာသော လူအုပ်ကြီးက သေဆုံးသူကလေးများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ထားကြသည်။

၁၄ နှစ်အရွယ် သားဖြစ်သူအကြောင်း ကိုပြောပြသည့် ဖာရက်စ်အယ်လ်ရာဇီက “သားကဈေးကိုသွားတုန်း ဗုံးစမှန်ပြီး သေဆုံးသွားတာပါ။ သားအတွက် ဆာလ်မွန်နဲ့ ဘင်ဇာယက်တို့ကိုလက်စားချေမယ်” ဟု ဆော်ဒီနှင့် ယူအေအီးခေါင်းဆောင်များကို ရည်ညွှန်းပြောကြားသည်။

ဆော်ဒီဦးဆောင်သောပင်လယ်ကွေ့ ဆွန်နီမွတ်ဆလင် အာရပ်နိုင်ငံများသည် ၂၀၁၅ မှစ၍ ယီမင်ပြည်တွင်းစစ်တွင် ပါဝင်ကာ ဟူသီသူပုန်များကို တိုက်ခိုက်လျက်ရှိသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ကုလအတွင်းရေးမှူးချုပ်၏ ပြစ်တင်ရှုတ်ချမှု ထွက်ပေါ်လာပြီးနောက်တွင် ဆော်ဒီမဟာ မိတ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးမည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါစစ်ရေးတိုက်ခိုက်မှုသည် ဘောင်ဝင်မှုရှိကြောင်းနှင့် ကလေးများအား တပ်သားသစ်အဖြစ် စုဆောင်းရာတွင် တာဝန်ရှိသည့် ဟူသီသူပုန်ခေါင်းဆောင်များကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည့်စာကို ကုလဆိုင်ရာ ဆော်ဒီသံတမန်များက အတွင်းရေးမှူးချုပ် ဂူတာရက်စ်ထံပေးပို့ခဲ့သည်ဟု ဆော်ဒီသတင်းဌာနက စနေနေ့တွင် ကြေညာခဲ့သည်။

ဆော်ဒီတောင်ပိုင်းသို့ ပစ်ခတ်နေသည့် ဟူသီဒုံးကျည်ပစ်စင်များကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆော်ဒီမဟာမိတ်များက အစပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်ခံရမှုတွင် ကလေး ၄၀ အပါအဝင် ၅၁ ဦးသေဆုံးခဲ့ပြီး ကလေး ၅၆ ဦးအပါအဝင် ၇၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဟူသီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဆာဒါးရှိ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကလည်း အဆိုပါ ကိန်းဂဏန်းကို အတည်ပြုသည်။

ယီမင်ပြည်တွင်းစစ်တွင် ဝင်ရောက်တိုက်ခိုက်နေသော အာရပ်မဟာမိတ်များကို အမေရိကန်နှင့် အနောက်အင်အားကြီးနိုင်ငံများက လက်နက်များ ဖြည့်ဆီးပေးနေသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။

F-04