News

POST TYPE

NEWS

ရှင်ဗွေယန်ဆေးရုံတွင် ဆရာဝန်မရှိ၍ ဆေးကုသမှု အခက်အခဲဖြစ်
မြစ်ကြီးနား၊ ဩဂုတ် ၁၄

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန် မရှိသေးသောကြောင့် လူနာများ ဆေးကုသမှုခံယူရာ၌ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရှင်ဗွေယန်မြို့ရှိ ၁၆ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိဆရာဝန်တစ်ဦးကို နှစ်လတစ်ကြိမ် ချထားပေးနေသော်လည်း ဆရာဝန်များ အပြောင်းအရွှေ့ချသည့် အချိန်မတိုင်ခင် ပြောင်းရွှေ့ခြင်းနှင့် တနိုင်း မြို့နယ်ပြည်သူ့ဆေးရုံသို့ မကြာခဏသွား ရောက်ကုသမှုတို့ကြောင့် လူနာများ ဆေးကုသရာ၌ အခက်အခဲများ ရှိနေခြင်းဖြစ်ကြောင်း ရှင်ဗွေယန်မြို့နယ် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစိန်းယုံက ပြောကြားသည်။

“ဒီမှာက ဆေးရုံမှာ ဆရာဝန်တစ်ယောက်မှမရှိဘူး။ ဆရာဝန်က နှစ်လတစ်ကြိမ်ချပေးတယ်။ အဲဒါက အရမ်းကို ကာလတိုလွန်းတယ်။ ပြီးတော့ ဆရာဝန်တွေကလည်း ပြောင်းရွှေ့ချိန် မရောက်ခင်ပြောင်းကြတယ်။ အဲဒီလိုကြောင့် ကျွန်တော်တို့ ရှင်ဗွေယန်မြို့ဆေးရုံမှာက ဆရာဝန်မရှိတော့ အရမ်းခက်တယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ ဆရာဝန်မရှိသောကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အရေးပေါ် လူနာများရှိလာပါက တနိုင်းနှင့် မြစ်ကြီးနားဆေးရုံတို့သို့ လွှဲပြောင်းပေးရကြောင်း၊ ယင်းသို့လွှဲပြောင်းပေးသော်လည်း လူနာများအနေနှင့် ငွေကြေးမလုံလောက်မှုများကြောင့် အခက်အခဲရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရှင်ဗွေယန်မြို့ဆေးရုံတွင် ဆရာဝန် လိုအပ်ချက် ရှိနေသည့်အတွက် အစိုးရက ဆရာဝန်များကို တရားဝင်ချပေးရန် ကချင် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့ရာ ကချင်ပြည်နယ် လူမှုရေးဝန်ကြီးက ချထားပေးမည်ဟု ဖြေကြားထားကြောင်း၊ ယင်းဆေးရုံသို့ ဆရာဝန်များချထားပေးရန် ကချင်ပြည်နယ် အစိုးရထံသို့ စာတင်ထားသော်လည်း ယခုအချိန်အထိ ချပေးထားခြင်းမရှိသေးကြောင်း တနိုင်းမြို့နယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောကြားသည်။

“ရှင်ဗွေယန်ဆေးရုံက တရားဝင် ချထားတဲ့ဆရာဝန်မရှိသေးဘူး။ ဒီဟာကိုချပေးဖို့ လွှတ်တော်မှာလည်း မေးခွန်းမေးတယ်။ ပြီးတော့ လူတွေ့လည်းပြောတယ်။ စာလည်းတင်ထားတယ်။ ခြောက်လလောက်ရှိပြီ”ဟု ၎င်းကပြောဆိုသည်။

လက်ရှိ နှစ်လတစ်ကြိမ် တာဝန်ထမ်းဆောင်လာသော ဆရာဝန်များသည် အစိုးရမှ တရားဝင်ချပေးထားခြင်း မဟုတ်သေးဘဲ မြစ်ကြီးနားဆေးရုံသို့ တာဝန်ကျနေသော ဆရာဝန်များက အလှည့်ကျခေတ္တ တာဝန်ထမ်းဆောင်ပေးခြင်းသာဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။

လူနာများ ဆေးကုသရာတွင် အခက်အခဲရှိနေသောကြောင့် ရှင်ဗွေယန်မြို့ ဆေးရုံ၌ ဆရာဝန်များကို အမြန်ဆုံး ချထားပေးရန် ဒေသခံများက လိုလားလျက်ရှိသည်။

ရှင်ဗွေယန်မြို့သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ကြားမြို့ဖြစ်ပြီး မြစ်ကြီးနားမြို့မှ မိုင်ပေါင်း ၁၅၀ ကျော် ကွာဝေးသည်။

R-06