News

POST TYPE

NEWS

မှတ်ပုံတင်၌ ဦး/ဒေါ်အစား ဆလိုင်း/မိုင်အဖြစ် ပြောင်းလဲရေး လှုပ်ရှားမှုပြုလုပ်
14-Aug-2018 tagged as ကလေး မကွေး

ကလေး၊ ဩဂုတ် ၁၄ 

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်တွင် နေထိုင်သည့် ချင်းတိုင်းရင်းသားများ၏အမည်များကို မှတ်ပုံတင်ပြုလုပ်ရာတွင် ဦး/ဒေါ်နေရာ၌ ဆလိုင်း/မိုင်အဖြစ် ပြောင်းလဲရေးသွင်းနိုင်ရေး လှုပ်ရှားမှုပြုလုပ်နေပြီဖြစ်ကြောင်း အူးပူးချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောကြားသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားရှိ အမည်များတွင် ဆလိုင်း/မိုင် စသည့် ရှေ့ဆောင်စကားလုံးများ ထည့်သွင်းပြောင်းလဲနိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနက၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားခဲ့ပြီးနောက် ဩဂုတ်လ ၁၀ ရက်နေ့တွင် ဆောမြို့နယ်အတွင်း ယင်းသို့လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လှုပ်ရှားမှုအနေနှင့် ဆောမြို့နယ်အတွင်းရှိ အူးပူးချင်းစာပေ သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများကို အစည်းအဝေးခေါ်ယူကာ ဆလိုင်း/မိုင်အဖြစ် အမည်ရေးသွင်းလိုပါက ရေးသွင်းနိုင်ကြောင်း၊ ဆန္ဒပြု လက်မှတ်ကောက်ခံခြင်းကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အူးပူးချင်း စာပေနှင့် ယဉ်ကျေးမှုကော်မတီထံမှ သိရသည်။

“ဆန္ဒလက်မှတ်တွေကို လ.ဝ.က ရယ် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတွေရယ်ကို အရင်ဦးဆုံး တင်ပြဦးမယ်။ အဲဒါပြီးမှ ကျန်တဲ့ကျေးရွာတို့ ရပ်ကွက်တို့ကို ဆက်လုပ်သွားဖို့ စီစဉ်ထားတယ်”ဟု အဆိုပါ ကော်မတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

ဦး/မောင် အစား ဆလိုင်း၊ ဒေါ် အစား မိုင် စသည့် တိုင်းရင်းသားလူမျိုးများ၏ အမည်ရေးသွင်းရာတွင် သက်ဆိုင်ရာ မှတ်ပုံတင်သူ တင်ပြလျှောက်ထားချက်အတိုင်း ပြုလုပ်ပြင်ဆင်ပေးရန် တိုင်းဒေသကြီး ညွန်ကြားရေးမှူးရုံး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနအနေနှင့် ကူညီဆောင်ရွက်နိုင်ရန် ညှိနှိုင်းထားပြီးဖြစ်သဖြင့် ကာယကံရှင်၏ပြောင်းလဲလိုသောဆန္ဒအရ ခိုင်လုံသော အထောက်အထားများဖြင့် သက်ဆိုင်ရာ မြို့နယ်ဦးစီးရုံးများတွင် စာပေနှင့် ယဉ်ကျေးမှုအသင်းများက ဦးဆောင်၍ အုပ်စုအလိုက် စာရင်းကောက်ယူပြီး သွားရောက်လျှောက်ထားနိုင်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနထံမှ သိရသည်။

R-20