News

POST TYPE

NEWS

မြို့ကြီးဆည်ကို သဘာဝအခြေခံခရီးစဉ်ဖော်ရန်လေ့လာ
ရန်ကုန်၊ ဩဂုတ် ၁၄

မန္တလေးမြို့မှ တစ်နာရီခွဲခန့် ထပ်မံ သွားရသည့်ရှမ်းပြည်နယ်ရှိ မြို့ကြီးဆည်ကို သဘာဝ အခြေခံခရီးစဉ်ဒေသ (Eco Tourism) တစ်ခုအဖြစ် အကောင်အထည်ဖော်ရန် ကွင်းဆင်းလေ့လာနေကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောကြားသည်။

“ပြည်ထောင်စုဝန်ကြီးလည်း ဆင်းပြီးလေ့လာနေတယ်။ အကယ်၍ အကောင်အထည်ဖော်နိုင်ရင်တော့ မန္တလေးနဲ့ပိုနီးတော့ လည်ပတ်စရာတစ်ခုတိုးမယ်။ လေ့လာတွေ့ရှိချက်တွေကို အမျိုးသားအဆင့် အစည်းအဝေးမှာ တင်ပြပြီးတော့ ခွင့်ပြုရင်တော့ အကောင်အထည်ပေါ်လိမ့်မယ်”ဟု ၎င်းကဆိုသည်။

မြို့ကြီးဆည်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် အကောင်အထည်ဖော်ရန် သဘာဝ အခြေခံခရီးသွားလုပ်ငန်းနှင့် အခြားခရီးသွား လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို လေ့လာနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၂ ရက်တွင် ထုတ်ပြန်သည်။

“မန္တလေးနဲ့နီးတော့ ခရီးစဉ်ဖော်ဆောင်ဖို့ အလားအလာရှိတဲ့နေရာပါ။ ခရီးစဉ်အသစ် အကောင်အထည်ဖော်ရင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေဖို့တော့ လိုတယ်။ ဒါ့အပြင် ရှိပြီးသား ခရီးစဉ်အဟောင်းတွေတောင် အဆင်မပြေသေးတော့ အသစ်ကိုတော့ မဖော်ထုတ်သင့်ဘူး”ဟု ဧည့်လမ်းညွှန်တစ်ဦးက မှတ်ချက်ပြုသည်။

မြို့ကြီးဆည်သည် ရှမ်းပြည်နယ်အတွင်း တည်ရှိသော်လည်း မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နှင့် နီးကပ်သဖြင့် ခရီးစဉ်ဒေသအသစ် ဖော်ဆောင်နိုင်ပါက မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဆက်စပ် လည်ပတ်နိုင်မည့်နေရာတစ်ခု ဖြစ်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

ရှမ်းပြည်နယ်အတွင်းသို့ ယခင်နှစ်က ကမ္ဘာလှည့်ခရီးသည်ဦးရေ သုံးသိန်းခန့်ဝင်ရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ကမ္ဘာလှည့်ခရီးသွားဧည့်သည် တစ်သိန်းတစ်သောင်းခန့်သာ ဝင်ရောက်မှုရှိကြောင်း ယခင်နှစ်ကာလတူထက် ဧည့်သည်ဝင်ရောက်မှု လေးသောင်းခန့် လျော့ကျနေကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့်ခရီးစဉ် ၅၀ ရာခိုင်နှုန်းခန့် ဖျက်သိမ်းမှုများရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

J-14