News

POST TYPE

NEWS

သီဟတင်စိုးကို အမှုဖွင့်ထားမှု ပိတ်သိမ်းရန် ဥပဒေ အကြံပြု၊ ရဲတပ်ဖွဲ့က အိမ်အကူ မခင်မာမြင့်ကို ထပ်မံတရားစွဲမည်
14-Aug-2018



ရန်ကုန်၊ သြဂုတ် ၁၄

သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားသော အကယ်ဒမီ သရုပ်ဆောင် သီဟတင်စိုး၏ အမှုကို ပိတ်သိမ်းရန် ဥပဒေ အကြုံပြုချက် ရရှိထားပြီး ယင်းအမှုကို တရားလိုပြု တိုင်ကြားခဲ့သူ အိမ်အကူ မခင်မာမြင့်ကို ရာဇသတ်ကြီး ပုဒ်မ ၂၁၁ ဖြင့် ထပ်မံ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဦးထံမှ သိရသည်။

“အမှုပိတ်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ဥပဒေအကြံပြုချက် ရခဲ့တာမို့ ခရိုင်ရဲတပ်ဖွဲ့ထံ တင်ပြထားပါတယ်။ အကြံပြုချက်ရလို့ အိမ်ဖော် မခင်မာမြင့်ကို သြဂုတ်လ ၁၅ ရက် (မနက်ဖန်) သင်္ဃန်းကျွန်း တရားရုံးမှာ ပုဒ်မ ၂၁၁ နဲ့ တရားစွဲဆိုဖို့ ဦးတိုက်လျှောက်ထားမယ်”ဟု ရဲမှူးကိုကိုဦးက ရှင်းပြသည်။

နစ်နာစေရန် အကြံနှင့် ပြစ်မှုကျူးလွန်သည်ဟု မမှန်စွပ်စွဲခြင်း ရာဇသတ်ကြီး ပုဒ် ၂၁၁ မှာ ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး အကယ်ဒမီ သီဟတင်စိုးကို မုဒိမ်းမှုဖြင့် လီဆယ်အမှုဖွင့် တိုင်ကြားခဲ့သူ အိမ်အကူ မခင်မာမြင့်နှင့် ခြိမ်းခြောက်ငွေတောင်းယူသည့် ပွဲစားဒေါ်ညိုတို့မှာ လက်ရှိ အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသည်။

အဆိုပါ အမှုတွင်ပါဝင်သော ထွန်းတောက် အကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဒေါ်မြင့်မှာ ထွက်ပြေးလွတ်မြောက်နေပြီး အကယ်ဒမီ ဇင်မာဦးက တရားလိုပြု အမှုဖွင့်ထားသည့် ရာဇသတ်ကြီး ပုဒ်မ ၃၈၉ /၁၁၄ အမှုကို သြဂုတ်လ ၁၅ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ စတင်တရားစွဲဆိုမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03