News

POST TYPE

NEWS

အရေးယူပိတ်ဆို့မှုများနှင့်ပတ်သက်၍ အမေရိကန် သံတမန်များကို မြောက်ကိုရီးယားအပြစ်တင်


ပြုံယမ်း၊ ဩဂုတ် ၁၁

မြောက်ကိုရီးယားက ၎င်းနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကိုရုပ်သိမ်းပေးခြင်း မပြုသည့်အတွက် အမေရိကန်ကို ပြစ်တင်ဝေဖန်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားက စိတ်ရင်းအမှန်ကို အမျိုးမျိုးပြသခဲ့သော်လည်း အမေရိကန်က ခေတ်ကုန်နေသောဇာတ်ညွှန်းအတိုင်း လိုက်ပါလုပ်ဆောင်နေပြီး တိုးတက်ပြောင်းလဲမှုများကို ထိခိုက်အောင် ပြုလုပ်နေသည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနက ပြောကြားသည်။

ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်ကာ မြောက်ကိုရီးယားထံမှ ကျောက်မီးသွေးနှင့် သံဝယ်ယူတင်သွင်းနေသော ကုမ္ပဏီသုံးခုကို စိစစ်တွေ့ရှိထားသည်ဟု တောင်ကိုရီးယားက ပြောကြားထားသည်။

သမ္မတထရမ့်နှင့် ခေါင်းဆောင်လေး ကင်ဂျုံအန်းတို့ ဇွန်လအတွင်းက ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းရှင်းရေးကို သဘောတူခဲ့ကြသော်လည်း လုပ်ငန်းစဉ်အသေးစိတ်မှာ မရေမရာရှိနေဆဲဖြစ်ပြီး မြောက်ကိုရီးယားက နျူကလီးယားလက်နက် တစ်ဖက်သတ်ရုပ်သိမ်းရန် ကတိပေးခြင်းမရှိသေးပေ။

ယခင်အပတ်က ပေါက်ကြားခဲ့သော ကုလအစီရင်ခံစာတွင် မြောက်ကိုရီးယားသည် လက်နက်တည်ဆောက်မှုကိုရပ်ဆိုင်း ခြင်းမပြုသေးကြောင်း ဖော်ပြပါရှိခဲ့ပြီးနောက် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများ တင်းကျပ်ရန် အမေရိကန်က တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယားကမူ ဒုံးကျည်စမ်းသပ်မှု ရပ်ဆိုင်းခြင်း၊ ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးအမေရိကန်စစ်သည် ရုပ်ကြွင်းများကို လွှဲပြောင်းပေးခြင်း၊ နျူကလီးယား စမ်းသပ်စခန်းတစ်ခုကို ဖျက်သိမ်းခြင်း စသော အလျှော့ပေးလုပ်ဆောင်မှုများကို ပြသခဲ့သော်လည်း အမေရိကန်ဘက်က နည်းလမ်းဟောင်းကို ဆုပ်ကိုင်ထားနေဆဲဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

ထို့ပြင် အမေရိကန်တာဝန်ရှိသူများသည် အခြေအမြစ်မရှိသောစွပ်စွဲမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံတကာပိတ်ဆို့မှု တင်းကျပ်ရေးကို ဖိအားပေးခြင်းအားဖြင့် သမ္မတထရမ့်၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်လုပ်ဆောင်နေကြသည်ဟု မြောက်ကိုရီးယားဘက်က စွပ်စွဲလိုက်သည်။

ဆွေးနွေးဘက်နိုင်ငံအား စော်ကားလုပ်ဆောင်နေရင်း အကျိုးရလဒ်ကိုမျှော် လင့်နေခြင်းသည် ကြက်ဥပြုတ်မှ အကောင်ပေါက်အောင် စောင့်နေခြင်းနှင့်တူသော မိုက်မဲမှုဖြစ်သည်ဟု ပြုံယမ်းက မှတ်ချက်ပေးသည်။

လတ်တလောတွင် အီရန်နိုင်ငံသို့ ရောက်ရှိနေသော မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ပြုံယမ်းသည် ဝါရှင်တန်က ပိုမိုတင်းမာသော သဘောထားကို ပြန်လည်ကျင့်သုံးလာပါက နျူကလီးယားနည်းပညာကို ပြန်လည် စမ်းသပ်လုပ်ကိုင်မည်ဟုပြောကြားသည်။

အမေရိကန်တာဝန်ရှိသူများကလည်း မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေးကတိကို သံသယမေးခွန်းထုတ်နေကြသည်။ 

အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်က မြောက်ကိုရီးယားသည် အပြောင်းအလဲကို စတင်ခြင်းမရှိသေးဟု ယခုအပတ် အစောပိုင်းတွင် မှတ်ချက်ပေးခဲ့ပြီး ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး နစ်ကီဟာလေကလည်း ဝါရှင်တန်သည် ပြုံယမ်းအား အကြာကြီးစောင့်ပေးရန် ဆန္ဒမရှိဟုပြောကြားခဲ့သည်။

မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူများက မှတ်ချက်ပေးရာတွင် ဝါရှင်တန်နှင့် ပြုံယမ်းနှစ်ဖက်စလုံးသည် ဆုံးရှုံးမှုဖြစ်သွားမည့်အရေးကို စိုးရိမ်နေကြကြောင်း၊ လုပ်ငန်းစဉ် ရှေ့ဆက်တိုးနိုင်ရန် နှစ်ဖက်စလုံး၏ အဆက်မပြတ် ညှိနှိုင်းဆောင်ရွက်မှုကို လိုအပ်ကြောင်းနှင့် နောက်ထပ် ထိပ်သီးဆွေးနွေးပွဲတစ်ခု ကျင်းပရန်လိုအပ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

F-04