News

POST TYPE

NEWS

ဘုရင့်နောင်ရှိ ငရုတ်သီးပွဲရုံများကို (FDA) ရှောင်တခင်စစ်
10-Aug-2018


ရန်ကုန်၊ ဩဂုတ် ၉

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် (FDA) က ဘုရင့်နောင်ပွဲရုံအတွင်းရှိ ငရုတ်သီးခြောက်နှင့် ငရုတ်သီးမှုန့် ရောင်းချလျက်ရှိသည့် ပွဲရုံများနှင့် ကုန်စုံဆိုင်များကို ဩဂုတ်လ ၉ ရက်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါပွဲရုံအတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ငရုတ်သီးအကြမ်းမှုန့်၊ အစိမ်းမှုန့်၊ အကျက်မှုန့်နှင့် ငရုတ်သီးခြောက်များတွင် ခွင့်မပြုဓာတုဆိုးဆေးများနှင့် Aflatoxin ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်းဖြစ်ပြီး ပွဲရုံရှိ ဆိုင်ခန်း ၂၅ ခန်းဝန်းကျင်မှ နမူနာ အမျိုးအစား ၄၀ ကျော် ကောက်ယူခဲ့ကြောင်း FDA ထံမှ သိရသည်။ 

“အခုကောက်ယူလာတာတွေကို ဓာတ်ခွဲစစ်ဆေးကြည့်မယ်။ စားသုံးဖို့ မသင့်ဘူးဆိုရင် ဈေးကွက်ထဲကနေ ပြန်သိမ်းပြီး ဖျက်ဆီးခိုင်းမှာပါ”ဟု FDA တာဝန်ရှိသူက ဆိုသည်။ 

ဘုရင့်နောင်ပွဲရုံသည် ကုန်ပစ္စည်းများကို အနယ်နယ်အရပ်ရပ်သို့ အဓိက ဖြန့်ချိသည့်ကုန်စည်ဒိုင်ဖြစ်ပြီး ယခင်နှစ်အတွင်း၌လည်း FDA အပါအဝင် အခြားသက်ဆိုင်ရာဌာနများပူးပေါင်း၍ တားမြစ်ပစ္စည်းများအသုံးပြုခြင်း ရှိ၊ မရှိ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

“ခုစစ်ဆေးတာ ၁၀ ရက်လောက် ကြာမယ်။ ပုံမှန် တစ်လလောက်ကြာပါတယ်။ အခုက ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးတာတွေကို ချက်ချင်း Action ယူချင်တဲ့အတွက် ဦးစားပေး စစ်ဆေးမယ်” ဟု FDA တာဝန်ရှိသူက ဖြည့်စွက် ပြောကြားသည်။

အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုထားသည့် ဆိုးဆေးများဖြစ်သည့် Auramine O၊ Rhodamine B၊ Orange II၊ Sudan Dyes စသည့် ဆိုးဆေးများကို စားသုံးမိခြင်းဖြင့် လတ်တလောတွင် အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတို့ကိုဖြစ်စေပြီး ရေရှည်တွင် ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်ခြင်း၊ ကင်ဆာရောဂါများဖြစ်ခြင်းနှင့် မျိုးရိုးဗီဇ ထိခိုက်ခြင်းများကို ဖြစ်စေနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။ 

J-12


  • VIA