News

POST TYPE

NEWS

အလောင်းတော် ကဿပဘုရား တစ်မိုင်ပတ်လည်ကို သာသနာ့နယ်မြေအဖြစ် သတ်မှတ်ပေးရန်တောင်းဆို

မုံရွာ၊ ဩဂုတ် ၉

ခရီးသွားအများအပြား လာရောက်လေ့ရှိသည့် အလောင်းတော်ကဿပ စံကျောင်းတော်ကို ဗဟိုပြု၍ တစ်မိုင်ပတ်လည်ကို သာသနာ့နယ်မြေအဖြစ် သတ်မှတ်ပေးရန် လွှတ်တော်တွင် တင်ပြတောင်းဆိုခဲ့ကြောင်း ကနီမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

အလောင်းတော်ကဿပသို့ လာရောက်သည့် ဘုရားဖူးများ၏ကျန်းမာရေး၊ လူမှုရေးများကို ဘုရားဂေါပကက တာဝန်ယူ ဖြေရှင်းပေးရသောအခါ အဆောက်အအုံ ဆောက်လုပ်ရာတွင် စီမံခန့်ခွဲရာ၌ ဥယျာဉ်အုပ်ချုပ်ရေးမှူးထံ စာတင်ပြရ၍ ကြန့်ကြာမှုများရှိနေသဖြင့် ဘုရားနယ်မြေအဖြစ် သတ်မှတ်ပေးရန် ဂေါပကအဖွဲ့က အလိုရှိနေခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြပြောဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့က ကျင်းပသည့် စစ်ကိုင်းတိုင်း လွှတ်တော်အစည်းအဝေးတွင် အလောင်းတော်ကဿပဘုရား တစ်မိုင်ပတ်လည်ဧရိယာကို သာသနာ့နယ်မြေအဖြစ် ၂၀၁၉ ခုနှစ် ဘုရားဖူးရာသီအမီ သတ်မှတ်ပေးရန်အစီအစဉ် ရှိ မရှိကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

အာဆီယံအမွေအနှစ် စာရင်းဝင်ဖြစ်သည့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် ဧကသုံးသိန်းကျော် ကျယ်ဝန်းပြီး နှစ်စဉ်ဘုရားဖူးရာသီအတွင်း အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးဧည့်သည် ထောင်နှင့်ချီ၍ လာရောက်ဖူးမြှော်လေ့ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ယင်းသို့တောင်းဆိုမှုနှင့်ပတ်သက်၍ သဘာဝသစ်တောနယ်မြေဖြစ်သောကြောင့် ဘုရား၏တစ်မိုင်ပတ်လည်ကို သာသနာ့နယ်မြေအဖြစ် သတ်မှတ်ပေးရန် လတ်တလော ဆုံးဖြတ်ချက်မချနိုင်သေးဘဲ စဉ်းစားနေကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။

“လာမယ့်ဘုရားဖူးရာသီမှာ သတ်မှတ်ပေးဖို့ လိုလားနေတယ်ဆိုတော့ အချိန်က ကပ်နေတယ်။ သဘာဝတောနယ်မြေဖြစ်တော့ ဘုရားပိုင်မြေ သတ်မှတ်ပေးလိုက်ရင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မလား စဉ်းစားနေရတယ်”ဟု ၎င်းကပြောဆိုသည်။

အလောင်းတော် ကဿပဘုရားဖူးလမ်းကို နှစ်စဉ်မိုးလေကင်းလွတ်သည့် ဇန်နဝါရီလမှ ဧပြီလအထိလေးလသာ ဖွင့်လှစ်လေ့ရှိပြီး မိုးရာသီတွင် လမ်းပြန်လည်ပိတ်လေ့ရှိသည်။

R-08