News

POST TYPE

NEWS

အင်ဒိုနီးရှားတွင် နတ်ဆရာတစ်ဦးက အမျိုးသမီးငယ်ကို ဂူတွင်း ၁၅ နှစ်ကြာမျှ ဖမ်းဆီးထိန်းသိမ်းထားမှု ပေါ်ပေါက်
09-Aug-2018


ဂျကာတာ၊ ဩဂုတ် ၈

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီတွင် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို နတ်ဆရာတစ်ဦးက ဂူတစ်ခုအတွင်း နှစ်ပေါင်း ၁၅ နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့်ဖြစ်ရပ် မကြာသေးခင်ရက်ပိုင်းက ပေါ်ပေါက်သွားသည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဆူလာဝေဆီ ရဲတပ်ဖွဲ့အဆိုအရ အသက် ၈၃ နှစ်အရွယ် နတ်ဆရာတစ်ဦးသည် အဆိုပါအမျိုးသမီးကို အသက် ၁၃ နှစ်အရွယ်တွင် အဓမ္မခေါ်ခဲ့ပြီး ၎င်း၏ နတ်လောကကို ယုံကြည်အောင် စည်းရုံးသိမ်းသွင်းခဲ့သည်။ 

ယင်းနတ်ဆရာသည် မိန်းကလေးငယ်ကို ညဘက်တွင် ၎င်း၏နေအိမ်သို့ခေါ်ယူပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို ဆယ်စုနှစ်တစ်ခုတာမျှ ပြုလုပ်ခဲ့သည်။ 

အင်ဒိုနီးရှားရဲတပ်ဖွဲ့က အသက် ၈၃ နှစ်အရွယ် အဆိုပါ နတ်ဆရာကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် ကလေးသူငယ် အကာအကွယ်ပေးရေးဥပဒေချိုးဖောက်မှု စသည်တို့ဖြင့် အရေးယူလိုက်ပြီဖြစ်သည်ဟု အတည်ပြုပြောကြားသည်။ 

အင်ဒိုနီးရှား ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ ယင်းနတ်ဆရာအမည်မှာ ဂျာဂိုဖြစ်ပြီး ၎င်းသည် ပယောဂကုခြင်းနှင့် အောက်လမ်းအတတ်ပညာများ ပြသခြင်းတို့လည်း ပြုလုပ်ခဲ့သူဖြစ်သည်။ 

ရဲတပ်ဖွဲ့ အဆိုအရ ယင်းနတ်ဆရာသည် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ၂၀၀၃ ခုနှစ်တွင် ၎င်းပယောဂ ကုနေသော မိသားစုတစ်စုထံမှ ဖြားယောင်းခေါ်ဆောင်လာခြင်းဖြစ်သည်။ တစ်နှစ်အကြာတွင် အဆိုပါမိန်းကလေးပျောက်ဆုံးသည့် သတင်းထွက်ပေါ်လာသော်လည်း ယင်းနတ်ဆရာက အဆိုပါမိန်းကလေးသည် အလုပ်ရှာဖွေရန်အတွက် မြို့တော်ဂျကာတာသို့ ထွက်သွားပြီဖြစ်သည်ဟု မိသားစုကို အသိပေးပြောဆိုခဲ့သည်။ 

ဆွေမျိုးဖြစ်သူများက မိန်းကလေးငယ်ကို ရှာဖွေခဲ့ကြသော်လည်း နောက်ဆုံးတွင် မည်သို့မျှရှာမရ၍ လက်လျှော့ခဲ့ကြရသည်။ 

ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က သတင်းပေးချက်များအရ ဆူလာဝေဆီခရိုင် ဂူလန်ပန်းကျေးရွာသို့သွားရောက်ခဲ့သည်။ ယင်းကျေးရွာအနီးရှိ ဂူငယ်တစ်ခုတွင် နတ်ဆရာက ဖမ်းဆီးထားသော အမျိုးသမီးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ရဲတပ်ဖွဲ့က ထုတ်ပြန်သောဓာတ်ပုံများတွင် အဆိုပါဂူငယ်သည် နတ်ဆရာ၏ အိမ်အနီးတွင်ရှိပြီး ဂူထဲ၌ ပရိဘောဂအချို့ရှိသည်ကို တွေ့ရသည်။ 

ရဲချုပ် အမ်အီဘာက “အဲဒီနတ်ဆရာကြီးက ကောင်မလေးအသက် ၁၃ နှစ် အရွယ်ကတည်းက မုဒိမ်းကျင့်နေခဲ့တာ”ဟု ပြောကြားသည်။ 

မိန်းကလေးငယ်ကို နတ်ဆရာက နေ့ခင်းဘက်တွင် ဂူငယ်အတွင်း၌သာ ဖိအားပေးနေခိုင်းခဲ့ပြီး ညဘက်တွင် သူ၏အိမ်သို့ ခေါ်ထားလေ့ရှိသည်ဟု ဆိုသည်။

“ကောင်မလေးက ဦးနှောက်ဆေး ခံထားရတာ။ ထွက်မပြေးဝံ့အောင်၊ အခြားလူတွေနဲ့ မတွေ့အောင် ခြိမ်းခြောက်ခံထားရတယ်။ ဘာကြောင့်လဲဆိုတော့ နတ်က စောင့်ကြည့်နေတယ်ဆိုပြီး ခြောက်ထားလို့ပဲ”ဟု ဒေသခံတစ်ဦးက Jakarta Post သတင်းစာသို့ ပြောကြားသည်။ 

အကယ်၍ တရားစီရင်ရာတွင် ပြစ်မှုထင်ရှားသည်ဆိုပါက အဆိုပါ နတ်ဆရာအနေနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရမည်ဖြစ်သည်။  

F-01


  • VIA